မေယုမြစ်ကြောင်း လိုင်းရှည်ပြင်ကျေးရွာ ချောင်းကွေ့အတွင်း စက်လှေဖြင့်ဝှက်ထားသည့် စိတ်ကြွဆေးပြား ကျပ် ၃,၁၉၈,ဝ၀ဝ,ဝ၀ဝ ဖိုးခန့်ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဇူလိုင်လ ၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ရခိုင်ပြည်နယ်၊ ဘူးသီတောင် မြို့နယ်၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ စစ်ကြောင်း(၂)၊ ဒုတိယတပ်ဖွဲ့ခွဲမှူး ဦးစီးသည့် တပ်ဖွဲ့ဝင် များသည် မေယုမြစ်အတွင်း မြစ်ကြောင်းစိုးမိုးရေးလှည့်ကင်းနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်နေစဉ် လိုင်ရှည်ပြင်ကျေးရွာအဝင် ချောင်းကွေ့အစပ်အနီးရှိ လမုတောအား ရှင်းလင်း ခဲ့ရာ လမုတောတွင်း၌ ဝှက်ထားသည့် အရှည်(၃၂) ပေခန့်၊ အနံ(၅) ပေခန့်၊ ရေစူး(၂) ပေခန့်ရှိ အင်ဂျင် စက်ဖြုတ်ထားသော လောင်းလှေတစ်စင်းကိုတွေ့ရှိစစ်ဆေးခဲ့သည်။
အဆိုပါ စက်လှေပေါ်တွင် မိုးကာဖြင့် အုပ်ထားသည်ကို မသင်္ကာဖွယ် တွေ့ရှိ ရသဖြင့် သက်သေများကိုခေါ်ယူ၍ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် ဆာလာအိတ် (၁၁)အိတ်ကို တွေ့ရှိရပြီး အဆိုပါဆာလာအိတ်များအတွင်း၌ အပြာရောင် ကပ်ခွာအိတ်ဖြင့် တစ်ထုတ်လျှင် WY နှင့် R စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၅) ပြားပါရှိသည့် အထုပ်(၈၂၀ဝ)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၁၅၉၉၀ဝ၀) ပြား၊ အလေးချိန်(၁၅၉.၉)ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် (၃,၁၉၈,ဝ၀ဝ,ဝ၀ဝ)တို့အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပိုင်ရှင်ဖြစ်သူကို သက်ဆိုင်ရာက ဆက်လက်စုံစမ်းလျက်ရှိသည်။


















