အင်ဒိုနီးရှား၌ ကူးတို့သင်္ဘောတိမ်းမှောက်၊ ၃၁ ဦးသေဆုံး၊ သုံးဦးပျောက်ဆုံး

အင်ဒိုနီးရှား၌ ကူးတို့သင်္ဘောတိမ်းမှောက်၊ ၃၁ ဦးသေဆုံး၊ သုံးဦးပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင် ၃ ရက် ညပိုင်းက ကူးတို့သင်္ဘောတိမ်းမှောက်ကာ အထဲတွင်ပိတ်မိနေသူများကို ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် အပြီးသတ်ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး သေဆုံးသူ ၃၁ ဦးရှိကာ သုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

 

ပင်လယ်ပြင်

ယခုလို ကူးတို့သင်္ဘောနစ်မြုပ်မှုသည် ဇွန် ၁၈ ရက်က ဆူမားတြားကျွန်းပေါ်ရှိ မီးတောင် ရေအိုင်ချိုင့်ကြီးတစ်ခုတွင် သစ်သားကူးတို့လှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ၁၆၄ ဦးကိုရှာဖွေမှုများ တရားဝင်ရပ်ဆိုင်းလိုက်သည့် ရက်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ ယခု နောက်ဆုံး ဆူလာဝေသီဖယ်ရီသင်္ဘောသည် ဇူလိုင် ၃ ရက်က ခရီးသည် ၁၃၉ ဦးတင် ဆောင်လာပြီး လေထန်နေသည့်ပင်လယ်ပြင် တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ခရီးသည်များ၏အသက်ကို အတတ်နိုင်ဆုံး ကယ်ဆယ်နိုင်ရန်အတွက် သင်္ဘောကပ္ပတိန် သည် သင်္ဘောကို ကမ်းဘက်သို့မောင်းတင်ခဲ့ရာ ကမ်းနှင့် မီတာ ၂၀ဝ၊ ၃၀ဝ ခန့်အကွာတွင် ကျောက်ဆောင်နှင့်တိုက်မိကာ တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။

သင်္ဘောသည် မှောက်ခုံဖြစ်သွားသော ကြောင့် ခရီးသည်များသည် အတွင်း၌ ဇူလိုင် ၃ ရက် တစ်ညလုံးပိတ်မိနေခဲ့ပြီး ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင်မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားပင်လယ်ရေကြောင်းပို့ဆောင်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် အာဂတ်စ်ပါနိုမိုက ပြောသည်။ လူမည်မျှကယ်ဆယ်နိုင်ခဲ့ကြောင်း ကို စာရင်းအတိအကျ မပြောသော်လည်း သင်္ဘောပိုင်ရှင်နှင့်  သင်္ဘောကပ္ပတိန်သည် သင်္ဘောကို နောက်ဆုံးမှစွန့်ခွာကာ ခရီးသည် များ၏အသက်ကို တာဝန်သိသိဖြင့် ကယ်ဆယ် စောင့်ရှောက်ခဲ့ကြကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
၁၃၀  အသက်ရှင်

တောင်ပိုင်းဆူလာဝေသီဒေသ ရှာဖွေရေး နှင့်ကယ်ဆယ်ရေးဌာနအကြီးအကဲ အမီရူဒင် ကမူ သင်္ဘောပေါ်တွင် ခရီးသည်နှင့်သင်္ဘော ဝန်ထမ်း ၁၆၄ ဦးပါဝင်ပြီး ၁၃၀ အသက်ရှင် လျက်ကယ်ထုတ်နိုင်ခဲ့သည်ဟုပြောသည်။

ယင်းသင်္ဘောသည် ၁၅၉ ပေရှည်ပြီး ဘတ်စ် ကားများ၊ ထရပ်ကားများနှင့် ကားငယ်များကို တင်ဆောင်ကာ ဆူလာဝေသီကျွန်းမကြီး၏တောင်ဘက် ဆီလာယာကျွန်းသို့ဦးတည်ခုတ် မောင်းနေစဉ် မှောက်ခဲ့ခြင်းဖြစ်သည်။