တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ကြည်လင်းက စုံညီခုံရုံးတွင် သက်သေအဖြစ်အစစ်မခံ တရားခံအဖြစ်သာ အစစ်ခံမည်ဟုဆို

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ကြည်လင်းက စုံညီခုံရုံးတွင် သက်သေအဖြစ်အစစ်မခံ တရားခံအဖြစ်သာ အစစ်ခံမည်ဟုဆို

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံသူ သေနတ် သမားကြည်လင်း အပါအဝင်လေးဦးကို ယနေ့ ဇူလိုင် ၅  ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံးတွင် ၅၉  ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ရာ ယနေ့ရုံးချိန်းတွင် ခရိုင်တရားသူကြီးက ဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်သူ ကြည်လင်းက"တရားခံအနေဖြင့် စစ်ခံမည်လား သက်သေနေဖြင့်အစစ်ခံမည်လား" ဟုမေးမြန်းရာ ၎င်းက "တရားခံအနေဖြင့်စစ်ခံမည် " ဟု စုံညီခုရုံး၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ထိုသို သုံးပါးထိုင်ခုံရုံး၏မေးမြန်းမှုအပေါ် တရားခံအနေဖြင့်စစ်ခံမည်ဟု ကြည်လင်း၏ ထွက်ဆိုချက်အရ  အမှုကို နှစ်ဖက်အကျိုးဆောင်များက စစ်ဆေးမေးမြန်းနိုင်မည်မဟုတ်ဘဲ ကြည်လင်းအား တရားသူကြီးတို့ တိုက်ရိုက်စစ်ဆေးမည့်ပုံစံဖြစ်သည်။

"ပြီးခဲ့တဲ့ ရုံးချိန်းမှာ တရားခံဘက်ကရှေ့နေနှစ်ဦးက မြင့်ဆွေခိုင်းလို့ကြည်လင်းက လုပ်တာပါလို့ စကားဦးသန်းထားတာ ရှိတယ်။ အဲဒါကြောင့်မို့ ဒီအမှုမှာ တရားခံအားလုံးကိုယ်စား တစ်ယောက်တည်းက ခံမယ်ဆိုတဲ့ ဘက်ကို ရောက်နေတယ်။ သူတို့စကားဦးသန်းတဲ့အပေါ်မှာ ကျွန်တော်တို့အမှုစစ်ဆေးရတာ ပိုဆိုးသွားတာ မရှိဘူး။ ပိုကောင်းသွားတယ်  " ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ယနေ့ရုံးချိန်းအပြီးတွင် ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီသေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင် တရားရုံး၏ စွဲချက်အပေါ် မကျေနပ်သဖြင့် တိုင်းဒေသကြီးတရားလွှတ်တော်သို့ နှစ်ဖက် အကျိုးဆောင် ရှေ့နေများက ရာဇဝတ်ပြင်ဆင်မှု (၈) မှု တင်သွင်းခဲ့ကြသည်။ တိုင်းတရားလွှတ်တော်က ၄င်းတို့ တင်သွင်းခဲ့ သည့် ရာဇဝတ်ပြင်ဆင်မှုအယူခံ (၈) မှုတွင် အများစုမှာ မူလရုံး၏ အမိန့်ကို အတည်ပြုခဲ့ ခြင်းကြောင့် ရှုံးနိမ့်မှုအပေါ် တရားရုံးချုပ်သို့ ပြင်ဆင်မှုအယူခံတင်သွင်းရန် နှစ်ဖက်အကျိုးဆောင်များက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မြောက်ပိုင်းခရိုင်တရားတွင် ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ စစ်ဆေးရန် သက်သေ ၅၀ ဦးကို ဇွန် ၂၈ ရက်က ထပ်မံတင်သွင်းခဲ့ကြသည်။ တရားခွင်မစမီ သုံးပါးထိုင်တရားသူကြီးများကိုယ်စား ခရိုင်တရားသူကြီးက တရားရုံးပြင်ပတွင် တရားစီရင်ရေးနှင့် ပတ်သက်ပြီး စကားဦးမသန်းရန် ကြိုတင်အသိပေး ပြောကြားခဲ့သည်။ အကယ်၍ ဖောက်ဖျက်ပါက တရားရုံးမထေမဲ့မြင်ပြုမှု ဉပဒေဖြင့် အရေးယူနိုင်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

"ဇေယျာဖြိုးကလည်း တရားရုံးပြင်မှာ စာတွေဝေတယ်။ ဥပဒေအထက်မှာ တစ်ယောက်ရှိနေတယ်၊ သူ့ကိုမတရားလုပ်ပါတယ်လိုပြောတာတွေဟာ တရားစီရင်မှုကိုအနှောက်အယှက်ဖြစ်စေတယ်။ အဲ့ဒါကြောင့် စကားဦးမသန်းဖို့သတိပေးတာဖြစ်နိုင်တယ်" ဟု  ဦးနေလကပြောသည်။

အဆိုပါ အမှုအား ဇူလိုင် ၁၂ ရက်တွင် စစ်ဆေးရန် ပြန်လည်ချိန်းဆိုထားသည်။