အသစ်တက်လာသည့် မလေးရှားအစိုးရသစ်နှင့် ညှိနှိုင်းနေစဉ်အတွင်း မလေးရှား၌ တည်ဆောက်နေသည့် ဒေါ်လာဘီလီယံ ၂၀ တန် အဓိကရထားလမ်းတည်ဆောက်မှုကို ဆိုင်းငံ့ထားရတော့မည်ဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော်သူ တရုတ်ကုမ္ပဏီက ပြောဆိုလိုက်သည်။
၆၈၈ ကီလိုမီတာ(မိုင် ၄၃၀) ရှည်လျားသည့် အရှေ့ကမ်းခြေရထားလိုင်းသည် အမှန်ကုန်ကျစရိတ် ရင်းဂစ် ၈၁ ဘီလီယံ (ဒေါ်လာ ဘီလီယံ ၂၀)သာ ရှိနိုင်၍ ယခင်အစိုးရက ၅၀ ရာခိုင်နှုန်းနီးပါး ပိုမိုခန့်မှန်းခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး လင်ဂူအန်အန်းက ပြောဆိုအပြီး ယင်းသို့ ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။
ယင်းစီမံကိန်းသည် တရုတ်၏ ဒေသဆိုင်ရာ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ်မူအရ မလေးရှားအနောက်ကမ်းခြေမှသည် အရှေ့ဖျားကျေးလက်ဒေသသို့ ဆက်သွယ်ပေးမည်ဖြစ်သည်။ စီမံကိန်းကို တရုတ်က ငွေကြေးများစွာထောက်ပံ့ခဲ့ပြီး ၂၀၁၆ ၌ အဓိကဆောက်လုပ်ရေး ကန်ထရိုက်အဖြစ် တရုတ်ကုမ္ပဏီ ချိုင်းနားကွန်မြူနီကေးရှင်းက ရရှိခဲ့သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးအရ ဖြစ်နိုင်ချေရှိသည့် နှုန်းထားများဖြင့် ပြန်လည်ညှိနှိ်ုင်းရမည်ဟု မလေးဝန်ကြီးက ပြောဆိုသည်။
ချိုင်းနားကွန်မြူနီကေးရှင်းက ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး အစိုးရသစ်အနေဖြင့် ယခင်နာဂျစ်အစိုးရလက်မှတ်ထိုးခဲ့သည့် စာချုပ်ကိုလေးစားရန် တိုက်တွန်းခဲ့သည်။ ဆိုင်းငံ့ကာလမည်မျှဟု မသိနိုင်ကြောင်းနှင့် ယင်းကြောင့် စရိတ်ပိုမိုကုန်ကျနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။
မလေးရှားအစိုးရသည် တရုတ်ကုမ္ပဏီသို့ ရင်းဂစ် ၁၀ ဘီလီယံ(ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ)ကို ကြိုတင်ပေးချေခဲ့ပြီး ရင်းဂစ် ၉ ဒမသ ၆၇ ဘီလီယံ(ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ)ကို ဆက်လက်ပေးချေဆဲဖြစ်ကြောင်း၊ စီမံကိန်းဖျက်သိမ်းလျင်ပင် ကြိုတင်ပေးငွေများဖြင့် ကာမိကြောင်းလည်း ဝန်ကြီးလင်ဂူအန်အန်းက ပြောဆိုခဲ့သည်။ မဟာသီယာ၏ မလေးရှားအစိုးရသစ်သည် တရုတ်ကဘဏ္ဍာရေးထောက်ပံ့သည့် စင်ကာပူနှင့်ဆက်သွယ်မည့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကိုလည်း ရပ်ဆိုင်းခဲ့ကာ အခြားစီမံကိန်းများကိုလည်း ပြန်လည်သုံးသပ်နေသည်။
















