အမေရိကန်က တရုတ် ZTE ကို လုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်ခွင့်ပြု

အမေရိကန်က တရုတ် ZTE ကို လုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်ခွင့်ပြု

အီရန်နှင့် မြောက်ကိုရီးယားသို့ ကုန်စည်တင်ပို့ခဲ့မှုဖြင့် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားခဲ့သည့် တရုတ်နည်းပညာ ကုမ္ပဏီကြီး ZTE ကို အမေရိကန်ကုမ္ပဏီများနှင့် လုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။

ZTE က ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်ရန်၊ အမှုဆောင်များကို အမေရိကန်အလိုကျ ဆောင်ရွက်သူများဖြင့် အစားထိုးရန် သဘောတူခဲ့ပြီးနောက် အမေရိကန်ကုန်သွယ်ရေးဌာနက ယင်းခွင့်ပြုမိန့်ကို ယခုအပတ်အတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ZTE အနေဖြင့် အမေရိကန်ကုမ္ပဏီများနှင့်အတူ ရှိပြီးတယ်လီကွမ်းကွန်ရက်များနှင့် မိုဘိုင်းဖုန်းများ ပြုပြင်မွမ်းမံမှု၊ လုံခြုံရေးဆိုင်ရာ အထောက်အကူပြုမှုများ ဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။ ရှန်ဇန်းပြည်နယ်အခြေစိုက် ကုမ္ပဏီသည် ဧပြီမှစ၍ အမေရိကန်မှ အစိတ်အပိုင်းနှင့် နည်းပညာဝယ်ယူမှု တားမြစ်ခံရပြီးနောက်တွင် လုပ်ငန်းအများစု ဆိုင်းငံ့ထားရသည်။

၂၀၁၇ မတ်လတွင် ZTE က အပြစ်ရှိကြောင်းဝန်ခံပြီး အမေရိကန်စည်းမျဉ်းဥပဒေများ ချိုးဖောက်ခဲ့မှုဖြင့် ဒဏ်ကြေး ဒေါ်လာ ၁ ဒသမ ၁၉ သန်း ပေးဆောင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ZTE ထံ အမေရိကန်ပစ္စည်းပေးသွင်းသူများက နှစ်စဉ်တင်ပို့သည့် တန်ဘိုးမှာလည်း ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိကြောင်း သိရသည်။