ကွာလာလမ်ပူ ” မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ အဂတိလိုက်စားမှု အရှုပ်တော်ပုံ နှစ်လကြာခဲ့ပြီးနောက် ဇူလိုင် ၄ ရက်တွင် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို တရားရုံးချုပ်က ယုံကြည်မှု အလွဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။
မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေဘဏ်(၁ အမ်ဒီဘီ) ရှိ နာဂျစ် ကိုယ်ပိုင်ဘဏ်ငွေစာရင်းသို့ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း လွှဲပြောင်းထားခြင်းနှင့် ပတ်သက်ပြီးအဂတိလိုက်စားမှု တိုက်ဖျက်ရေး အကြီးအကဲများက မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ဇူလိုင် ၃ ရက်တွင် ဖမ်းဆီးခဲ့သည်။ အကျင့်ပျက်ခြစားမှု တစ်ကြိမ်နှင့် ယုံကြည်မှုအလွဲသုံးစားမှုသုံးကြိမ် ကျူးလွန်ခဲ့ကြောင်းနာဂျစ်ရာဇတ်ကို အောက်လွှတ်တော်၌ စွဲချက်တင်ခဲ့သည်။
စွဲချက်တစ်ခုချင်းစီအနေဖြင့် ထောင်ဒဏ် အများဆုံး နှစ် ၂၀ ချမှတ်နိုင်ကြောင်း သိရသည်။ နာဂျစ်၏ အမှုကို တရားရုံးချုပ်သို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းက ဇူလိုင် ၄ ရက်တွင် အယူခံဝင်သွားဖွယ်ရှိကြောင်း သိရသည်။ အကျင့်ပျက်ခြစားမှု ဥပဒေဖြင့် အစိုးရရှေ့နေများက စွဲချက်တင်ထားသော လေးချက်နှင့် ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ကို အမေရိကန်ဒေါ်လာ ၂၅၀,ဝ၀ဝ ဖြင့် အာမခံပေးရန် လျှောက်ထားမှုကို မလေးရှား တရားရုံးချုပ် တရားသူကြီးက အတည်ပြုခဲ့သည်။
၂၀ဝ၉ ခုနှစ်တွင် အာဏာရရှိခဲ့သည့် အချိန်တွင် နာဂျစ်က မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေဘဏ် ( ၁ အမ်ဒီဘီ) ကို တည်ထောင်ခဲ့သော်လည်း ဘီလျံပေါင်းများစွာ အြွေကးတင်ခဲ့သည်။
၁အမ်ဒီဘီ၏ လုပ်ငန်းခွဲဟောင်းတစ်ခုဖြစ်သည့် အက်စ်အာရ်စီ အင်တာနေရှင်နယ် ကိစ္စနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီက နာဂျစ်နှင့် ၎င်း၏ ဇနီးကို ဇွန်လက စစ်ဆေးမေးမြန်းခဲ့သည်။
နာဂျစ် ရာဇတ်နှင့် ဆက်စပ်နေသော အမေရိကန်ဒေါ်လာ ၂၇၂ သန်း တန်ဖိုးရှိသည့် အဖိုးတန်လက်ဝတ်ရတနာများနှင့် အခြားဇိမ်ခံပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။
နာဂျစ်၏ ကိုယ်ပိုင် ဘဏ်စာရင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ဝင်ရောက်လာမှု အပါအဝင် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၁ အမ်ဒီဘီမှတစ်ဆင့် ငွေကြေးခဝါချခဲ့ကြသည့်အပြင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ခိုးယူခံခဲ့ရကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

















