အမေရိကန် လွတ်လပ်ရေးနေ့ဖြစ်သောဇူလိုင် ၄ ရက်တွင် နယူးယောက်ဆိပ်ကမ်းပိုင်နက် လစ်ဘာတီကျွန်းပေါ်ရှိလစ်ဘာတီရုပ်တုကြီးအောက်ခြေခုံပေါ်သို့ အမျိုးသမီးတစ်ဦး တက်ရောက်ဆန္ဒပြမှုကြောင့် ကျွန်းပေါ်ရောက်နေသောကမ္ဘာလှည့်ခရီးသည်များကိုရဲတပ်ဖွဲ့ကအရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။
လစ်ဘာတီရုပ်တုကြီးတည်ထားရာအောက်ခြေခုံမြင့်ပေါ်သို့ တက်နေသောအမျိုးသမီးကိုအောက်ဆင်းလာရန် ရဲတပ်ဖွဲ့သည် သုံးနာရီကြာဖြောင်းဖြခဲ့ရပြီး၊ ယခုအခါ ထိုအမျိုးသမီးကိုထိန်းသိမ်းထားကြောင်းသိရသည်။ လစ်ဘာတီ ရုပ်တုကြီးအောက်ခြေခုံပေါ်သို့ တွယ်တက်နေသည်ကိုမျက်မြင်သက်သေများကဗီဒီယိုများရိုက်ကာ ဆိုရှယ်မီဒီယာများပေါ်သို့လည်းတင်ခဲ့ကြသည်။ အစောပိုင်းရက်များကလည်းလစ်ဘာတီရုပ်တုကြီးရှေ့တွင် ဆန္ဒပြမှုဖြင့် လူအများအပြားကိုဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ ဆန္ဒပြသူများသည်
အမေရိကန်နိုင်ငံတစ်ဝန်းတရားမဝင် ဝင်ရောက်နေထိုင်နေသောရွှေ့ပြောင်းခိုလှုံသူများကိုဖော်ထုတ်ဖမ်းဆီးနေသည့် လူဝင်မှုနှင့် အကောက်ခွန် ကြီးကြပ်ရေးအဖွဲ့ (ICE) ကို ဖျက်သိမ်းပေးရေးတောင်းဆိုသည့် စာတန်းကိုလစ်ဘာတီ ရုပ်တုကြီးအောက်ခြေခုံတွင် ချိတ်ဆွဲခဲ့ကြမှုဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ICE အဖွဲ့ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းတရားမဝင် ဝင်ရောက်နေသည့် ခိုလှုံသူမိဘများဖမ်းဆီးထိန်းသိမ်းခံရကာကလေးများကိုထိန်းသိမ်းရေးစခန်းတွင် သီးခြားထိန်းသိမ်းထားမှုကို နိုင်ငံတစ်ဝန်း ပြီးခဲ့သည့် လပိုင်းအတွင်းကန့်ကွက်ဆန္ဒပြမှု အများအပြား ဖြစ်ပွားလျက်ရှိသည်။
ယခုနောက်ဆုံးဖြစ်စဉ်တွင် ပါဝင်သည့် အမျိုးသမီးသည် မည်သူမည်ဝါမှန်းမသိရသေးသလို၊ မည်သည့်ရည်ရွယ်ချက်ဖြင့် လစ်ဘာတီ ရုပ်တုပေါ် တက်ခြင်းကိုလည်းရှင်းလင်းစွာမသိရသေးပေ။

















