အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုဖြင့် အီသီယိုးပီးယားထောင်မှူးများ ထုတ်ပယ်ခံရ

အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုဖြင့် အီသီယိုးပီးယားထောင်မှူးများ ထုတ်ပယ်ခံရ

လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကျဉ်းသားများကို နှိပ်စက်မှု၊ အကျင့်ပျက်ခြစားမှု၊ လုပ်ငန်းပိုင်းအရည်အသွေးညံ့ဖျင်းမှုများဖြင့် အကျဉ်းထောင်မှူး ငါးဦးကို အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမတ်ကရာထူးမှ ထုတ်ပယ်လိုက်သည်။ ထိုငါးဦးကိုစုံစမ်းစစ်ဆေးကာဆက်လက်အရေးယူသွားရန်ရှိကြောင်းလည်းသိရသည်။

ထိုငါးဦးသည် ပေးအပ်ထားသောတာဝန်ကိုကျေပြွန်စွာဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်းရှေ့နေချုပ် ဘာဟာနူဆီဂါရီကလည်းပြောသည်။ ထုတ်ပယ်ခံရသောထောင်မှူးများသည် အကျဉ်းသားများ၏ လိုအပ်ချက်များကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသလို၊ အကျဉ်းသားများ၏ အခွင့်အရေးများကိုလည်းမလေးမစား ချိုးဖောက်မှုများရှိခဲ့ပြီး၊ အနိုင်ကျင့်နှိပ်စက်မှုများထိ ကျူးလွန်ခဲ့ကြသဖြင့် စုံစမ်းစစ်ဆေးသွားမည်ဟုရှေ့နေချုပ်ကပြောသည်။

အကျဉ်းသားများသည်လည်း နိုင်ငံသားများသာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သောကြောင့်သာအကျဉ်းထောင်တွင်းရောက်ရှိနေခြင်းဖြစ်ကြောင်း၊ အကျဉ်းထောင်ဟူသည် ပြစ်မှုကျူးလွန်သူများအား ပြုပြင်ပေးရမည့်နေရာဖြစ်ကြောင်း၊ ထောင်မှပြန်ထွက်လာလျှင် လူ့အဖွဲ့အစည်းထဲသို့ ပြန်ဝင်နိုင်အောင် ပြုပြင် အားပေးရမည့် နေရာသာဖြစ်ကြောင်းရှေ့နေချုပ်ကပြောသည်။ ထိုရည်ရွယ်ချက်များမှ လမ်းချော်ကာအကျဉ်းသားအခွင့်အရေးမလေးစားခြင်း၊ နှိပ်စက်ခြင်းများ ပြုနေခြင်းသည် နိုင်ငံသားပင်ဖြစ်သောအကျဉ်းသားများကိုမလေးစားရာရောက်သလို၊ တရားဥပဒေစိုးမိုးမှု မရှိရာလည်းရောက်နေကြောင်းဖြင့် ရှေ့နေချုပ် ဆီဂါရီကပြောသည်။

လွတ်မြောက်လာသောအကျဉ်းသားများကထောင်မှူးများ၏ နှိပ်စက်အနိုင်ကျင့်မှုများ၊ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများကို ESAT အပါအဝင် မီဒီယာအများအပြားတွင် ဖွင့်ချခဲ့ကြပြီးနောက် ယခုကဲ့သို့ ဝန်ကြီးချုပ်ကထောင်မှူးများကိုထုတ်ပယ်ကာ၊ စစ်ဆေးအရေးယူရန် အားထုတ်လာခြင်းလည်း ဖြစ်သည်။