တရုတ်ကုမ္ပဏီလုပ်ငန်းစုကြီး HNA Group အကြီးအကဲဝမ်ကျန် ပြင်သစ်တွင် အမြင့်မှ ပြုတ်ကျသေဆုံး

တရုတ်ကုမ္ပဏီလုပ်ငန်းစုကြီး HNA Group အကြီးအကဲဝမ်ကျန် ပြင်သစ်တွင် အမြင့်မှ ပြုတ်ကျသေဆုံး

တရုတ်နိုင်ငံရှိအင်အားကြီးကုမ္ပဏီလုပ်ငန်းစုကြီး HNA Group ၏ အကြီးအကဲဝမ်ကျန်သည် ပြင်သစ်တောင်ပိုင်းပရိုဗန့်ဒေသသို့ သွားရောက်လည်ပတ်စဉ် အမြင့်မှ ပြုတ်ကျကာသေဆုံးသွားခဲ့ကြောင်းသိရသည်။

အသက် ၅၇ နှစ်အရွယ် ဝမ်ကျန်သည် ရှုခင်းသာယာလှပသောဘွန်နျူရွာကိုနောက်ခံထားကာဓာတ်ပုံရိုက်ရန် အဆောက်အဦးမြင့် အစွန်းနေရာသို့တက်စဉ် ပြုတ်ကျခြင်းဖြစ်ကြောင်းသိရသည်။ ကယ်ဆယ်ရေးအဖွဲ့များကအမြန်ဆုံးကယ်ဆယ်ခဲ့သော်လည်းအသက်မမီခဲ့ကြောင်းသိရသည်။ သမားရိုးကျ သေဆုံးမှုသာဖြစ်ပြီးလုပ်ကြံမှု၊ လူသတ်မှုအဖြစ် သံသယဖြစ်စရာအချက်အလက်မျိုးမတွေ့ရကြောင်း ပြင်သစ်ရဲတပ်ဖွဲ့ကပြောသည်။

မစ္စတာဝမ်နှင့်အတူတိုးရစ် ၁၀ ဦးခန့်သည် ဘွန်နျူရွာသို့ သွားရောက်လည်ပတ်စဉ် လှပသောဘွန်နျူရွာကိုနောက်ခံထားကာဓာတ်ပုံရိုက်လိုသဖြင့် မစ္စတာဝမ်သည် တောင်ပေါ်ဘုရားကျောင်းသို့ ရောက်ရှိသည်တွင် အဆောက်အဦးစွန်းသို့ သွားကာမိသားစုဝင်တစ်ဦးကိုဓာတ်ပုံရိုက်ခိုင်းနေစဉ် ပြုတ်ကျခြင်းဖြစ်ကြောင်းသိရသည်။ ပေ ၄၀ သို့မဟုတ် ပေ ၅၀ အမြင့်ခန့်မှ ပြုတ်ကျခြင်းဖြစ်ကြောင်းဒေသဆိုင်ရာရဲတပ်ဖွဲ့ အကြီးအကဲဟူးဘတ် မာရီရတ်စ်ကပြောသည်။

မစ္စတာဝမ် ဦးဆောင်နေသော HNA Group သည် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီလုပ်ငန်းစုများထဲတွင် ပါဝင်ပြီးလေကြောင်း၊ ကမ္ဘာလှည့်ခရီးသွား၊ ဘဏ္ဍာရေးကဏ္ဍများတွင် အဓိကလုပ်ကိုင်လျက်ရှိသည်။ Deutsche Bankတွင်လည်းအဓိကရှယ်ယာများပိုင်ဆိုင်ထားသလို၊ ဟီလ်တန် ဟိုတယ်လုပ်ငန်း၊ လန်ဒန် အထပ်မြင့်တိုက် အများအပြားတွင်လည်းအဓိကပိုင်ဆိုင်သူဖြစ်ကာကမ္ဘာတစ်ဝန်းလုပ်သားလေးသိန်းခန့် ခန့်ထားသောကုမ္ပဏီလုပ်ငန်းစုကြီး ဖြစ်သည်။