အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏ခေါင်းဆောင် အဘူဘေကာအယ်လ်ဘာဂါဒါဒီ၏သားဖြစ်သူသည် ဆီးရီးယားအစိုးရတပ်များ၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ပြီဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ကပြောဆိုခဲ့သည်။
အယ်လ်ဘာဂါဒါဒီ၏သားငယ်သေဆုံးသည့်သတင်းကို အိုင်အက်စ်အဖွဲ့၏ လူမှုမီဒီယာအကောင့်များ၌ ဇူလိုင် ၃ ရက် အနှောင်းပိုင်းတွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဟူသိုင်ဖာအယ်လ်ဘာဒရီဟု အမည်ရသည့် လူငယ်လေးက ရိုင်ဖယ်သေနတ်တစ်လက်ကိုကိုင်ထားသည့် ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။
အယ်လ်ဘာဂါဒါဒီ၏သားဖြစ်သူသည် အင်ဂီမာဆီဟု သိကြသည့် အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆီးရီးယားအလယ်ပိုင်း ဟွမ်စ်ခရိုင်ရှိ ဓာတ်အားပေးစက်ရုံတစ်ရုံ၌ ဆီးရီးယား၊ ရုရှားတပ်များနှင့် တိုက်ခိုက်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဟွမ်စ်၌ ဇွန် ပထမရက်သတ္တပတ်နှစ်ပတ်တွင် စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း ဆီးရီးယားရှိ စစ်ပွဲအခြေအနေကို စောင့်ကြည့်နေသည့် ဆီးရီးယားရှိ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပြောဆိုခဲ့သည်။
အယ်လ်ဘာဂါဒါဒီကိုယ်တိ်ုင်သည်လည်း သေဆုံးသို့မဟုတ် ဒဏ်ရာရရှိပြီဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခံခဲ့ရပြီးဖြစ်သော်လည်း ၎င်းအသက်ရှင်လျက်ရှိနေဆဲဟု အများက ယူဆထားကြသည်။ အယ်လ်ဘာဂါဒါဒီ၏မိသားစုအကြောင်းကို များစွာမသိရှိခဲ့ရသော်လည်း ၎င်း၏ဇနီးနှင့်သမီးဟု ယူဆရသူနှစ်ဦးကို ၂၀၁၄ ခုနှစ်တွင် လက်ဘနွန်၌ ဖမ်းဆီးမိခဲ့သည်။
အိုင်အက်စ်အဖွဲ့အား ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေအတော်များများမှ နှင်ထုတ်နိုင်ခဲ့ပြီးဖြစ်သော်လည်း ယင်းအကြမ်းဖက်အဖွဲ့သည် ဆီးရီးယားရှိ သဲကန္တာရထဲနှင့် ဆီးရီးယား-အီရတ်နယ်စပ်တစ်လျှောက်ရှိ ဝေးလံသီခေါင်သော နေရာများတွင် စခန်းချနေနိုင်ဆဲဖြစ်သည်။ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒေယာအီလ်ဇိုခရိုင်ရှိ အိုင်အက်စ်အမာခံစခန်းများအား အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့က လေကြောင်းတိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ကြောင်း ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့ကပြောဆိုခဲ့သည်။

















