မက္ကဆီကိုရှိ လူငယ်များအတွက် အလုပ်အကိုင်ဆိုင်ရာသင်တန်းပေးရန်နှင့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ရန်အတွက် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံသုံးစွဲမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတအဖြစ် ရွေးကောက်ခံထားရသည့် အန်ဒရေစ်မယ်နူယယ်လိုပက်ဇ်အော်ဘရာဒေါက ကတိပြုပြောဆိုလိုက်ပြီဖြစ်သည်။
ပညာသင်ဆုနှင့် အလုပ်သင်သင်တန်းများအတွက် လျာထားသည့် ဒေါ်လာ ၅ ဘီလီယံ၏တစ်စိတ်တစ်ပိုင်းအဖြစ် မက္ကဆီကိုကုမ္ပဏီများက အလုပ်သင်အဖြစ်ခန့်ထားသူများအတွက် လစာကို အစိုးရကပေးမည်ဖြစ်ကြောင်း လိုပက်ဇ်အော်ဘရာဒေါက ပြောဆိုခဲ့သည်။
တစ်ချိန်က စီးပွားရေးလုပ်ငန်းများကို ဝေဖန်ပြစ်တင်ခဲ့သည့် လက်ဝဲဝါဒီလိုပက်ဇ်အော်ဘရာဒေါသည် ဇူလိုင် ၄ ရက်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး သဘောတူညီမှုရယူခဲ့ခြင်းဖြစ်သည်။ လိုပက်ဇ်အော်ဘရာဒေါသည် ဒီဇင်ဘာ ၁ ရက်တွင် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး လူငယ်များနှင့် သက်ကြီးရွယ်အိုများအား အကူအညီပေးခြင်းကို သမ္မတသက်တမ်းပထမနှစ်တွင် အဓိကထားလုပ်ဆောင်မည်ဖြစ်သည်။
အစိုးရအဖွဲ့ဝင်များ ဝတ်စရာမရှိလျှင်တောင် အကူအညီပေးနေဦးမည်ဖြစ်ကြောင်း လိုပက်ဇ်အော်ဘရာဒေါက ပြောဆိုခဲ့သည်။ လိုပက်ဇ်အော်ဘရာဒေါ၏ ရွေးကောက်ပွဲအောင်နိုင်မှုကို ရွေးကောက်ပွဲအာဏာပိုင်များနှင့် တရားရုံးများက အတည်ပြုပေးရန် ကျန်ရှိနေသေးသည်။ ၎င်းသည် ဇူလိုင် ၁ရက် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အသက် ၆၈ နှစ်နှင့် အထက် မက္ကဆီကိုနိုင်ငံသားများအား တစ်ရက်လျှင် ၂ ဒသမ ၂၅ ဒေါ်လာ ခန့်စီရရှိရေးအတွက် သက်ကြီးရွယ်အိုထောက်ပံ့ပေးရေးရန်ပုံငွေကို ဒေါ်လာ ၂ ဘီလီယံအထိသုံးစွဲမည်ဖြစ်ကြောင်း လိုပက်ဇ်အော်ဘရာဒေါကပြောဆိုခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်များတွင် လိုပက်ဇ်အော်ဘရာဒေါ မက္ကဆီကိုစီးတီးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိ်န်တွင် သက်ကြီးရွယ်အိုများအား ထောက်ပံ့ကြေးများပေးအပ်ခဲ့ကာ ယခုအချိန်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သက်ကြီးရွယ်အိုတစ်ဦးလျှင် ဒေါ်လာ ၆၀ ခန့်စီထောက်ပံ့မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ကုမ္ပဏီများသည်လည်း အလုပ်သင်လူငယ်များအား အလုပ်သင်ပြီးဆုံးကြောင်းလက်မှတ်ထုတ်ပေးရမည်ဖြစ်သော်လည်း အလုပ်သင်ကာလပြီးနောက်တွင် ပြန်လည်ခန့်ထားရန် လိုအပ်မည်မဟုတ်ချေ။ အလုပ်အကိုင်မဲ့လူငယ်များအား မူးယစ်ဆေးဝါးဂိုဏ်းများက အသုံးချမှုများရှိနေသောကြောင့် အလုပ်အကိုင်မဲ့မှုနှုန်းလျော့ကျရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်။
အန်ဒရေစ်လိုပက်ဇ်အော်ဘရာဒေါကို မဲပေးခြင်းဖြင့် မက္ကဆီကိုနိုင်ငံသားအားလုံး အနိုင်ရရှိခဲ့ကြောင်း မက္ကဆီကိုသမ္မတဟောင်း ဗင်းဆင်းဖောက်စ်က ဇူလိုင် ၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဖောက်စ်သည် လိုပက်ဇ်အော်ဘရာဒေါအား သူရူးဟုပင်ခေါ်ဆိုခဲ့သည်။

















