ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးတွင် ပစ်မှတ်အသစ်တစ်ခု ရှိနေပြီဖြစ်သည်။သူ့နိုင်ငံက လမ်းကြားများတွင် လတ်လျားလတ်လျား လုပ်နေသူများကို နှိမ်နင်းတော့မည်ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တသုံးပတ်က လမ်းများပေါ်တွင် ယောင်ချာချာလုပ်နေသည့် လူ ၁၁,ဝ၀ဝ ကျော်ကို ထောင်ထဲသွင်းခဲ့ကြောင်း အယ်လ်ဂျာဇီယာ သတင်းစာက ရေးသားခဲ့သည်။
ဇွန် ၁၃ ရက်က ရဲများကို ဒူတာတေးက "လမ်းပေါ်မှာ အလုပ်မရှိဘဲ မတ်တတ်ရပ်နေတဲ့လူတွေရှိရင် အိမ်ပြန်ခိုင်း"ဟု ပြောခဲ့ကြောင်း ဖိလစ်ပိုင်ဒေးလီး အင်ကွာရာက ဖော်ပြထားသည်။ အကယ်၍ ၎င်းတို့က အိမ်ပြန်ရန်ငြင်းဆိုပါက ဒူတာတေးက "ဒီကိစ္စကိုငါရှင်းမယ်။ သူတို့ လက်တွေကို ကြိုးနဲ့ပူးချည်ပြီး ငါ မြစ်ထဲကို ပစ်ချပစ်မယ်" ဟု ဆက်လက်ပြောကြားသည်။ အဆိုပါ စကားများ ထွက်ပေါ်လာပြီးနောက် သမ္မတက လတ်လျားလတ်လျားလုပ်နေသူများ "၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်တွင် ထိုသူများသည် ပြစ်မှုမဟုတ်ဟု ဥပဒေပြဋ္ဌာန်းသတ်မှတ်ခဲ့သည်" ကို ဖမ်းဆီးရန် ၎င်းအနေဖြင့် မညွှန်ကြားခဲ့ကြောင်း ရှင်းလင်းပြောကြားသော်လည်း လမ်းပေါ်တွင် သောက်စားမူးယစ်ခြင်း၊ သို့မဟုတ် ဝိုင်းဖွဲ့စကားပြောခြင်းများပြုလုပ်သည်ကို တွေ့ရှိပါက ဖမ်းဆီးရန် ပြောကြားခြင်းဖြစ်သည်။ မနီလာရှိ အကြီးဆုံး ဆင်းရဲသားရပ်ကွက် တွန်ဒိုတွင် တစ်မိုင်ပတ်လည် မြေပေါ်၌ လူပေါင်း ၂၀,ဝ၀ဝ ကျော် နေထိုင်ကြသည်။ အများစုမှာ စတုရန်းပေ ၅၀ ရှိ သွပ်မိုး တဲကုပ်လေးများတွင် နေထိုင်ကြသည်။ အဆိုပါ ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူများမှာ လမ်းပေါ်တွင် အချိန်ကုန်ဆုံးကြရကာ ယောင်ချာချာ လုပ်နေသူများအဖြစ် အမည်တွင်ကြရသည်။ ပြီးခဲ့သည့်သီတင်းပတ်များက အဖမ်းခံခဲ့ရသည့် ကလေးများသည် အပိုဝင်ငွေရရန်တောက်တိုမည်ရအလုပ် ရှာဖွေနေသည့် ကလေးများဖြစ်ကြသည်။
အဆိုပါ အမိန့်ထုတ်ပြန်ပြီးကတည်းက လတ်လျားလတ်လျား လုပ်နေသူများကို စွပ်စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထားသည်။ အချို့မှာ လမ်းပေါ်တွင် အရက်သောက်ခြင်း၊ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ချိုးဖောက်ခြင်းတို့ကြောင့်ဖြစ်သည်ဟု မနီလာစတန်းဒတ်တွင် ဖော်ပြထားသည်။

















