ဗြိတိန်၌ လူနှစ်ဦး စစ်ဘက်သုံး အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခံရ လေးလအတွင်း အာရုံကြောအဆိပ်ဖြင့် ဒုတိယအကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်

ဗြိတိန်၌ လူနှစ်ဦး စစ်ဘက်သုံး အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခံရ လေးလအတွင်း အာရုံကြောအဆိပ်ဖြင့် ဒုတိယအကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်

ဗြိတိန်နိုင်ငံ၌ စစ်ဘက်သုံး အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူနှစ်ဦးကို ဆာလစ်ဘာရီခရိုင်ဆေးရုံ၌ ကုသမှုများပြုလုပ်ပေးနေရကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက် အနှောင်းပိုင်းတွင်ထုတ်ပြန်ခဲ့သည်။

ဆိုဗီယက်ယူနီယံတွင် ထုတ်လုပ်ခဲ့သည့် အာရုံကြောအဆိပ်ဖြင့် လေးလတာကာလအတွင်း နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ရုရှားသူလျှိုဟောင်း ဆာဂေဆာကရီပယ်နှင့် သမီးယူလီယာတို့အား တိုက်ခိုက်ခဲ့ရာတွင် အသုံးပြုခဲ့သည့် နိုဗီချော့ခ်အာရုံကြောအဆိပ်ဖြင့် အသက်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လန်ဒန်မြို့ပြရဲတပ်ဖွဲ့ဒုတိယကော်မရှင်နာ နီးလ်ဘာဆုက ပြောဆိုခဲ့သည်။

ပထမတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဆာလစ်ဘာရီမှ ရှစ်မိုင်( ၁၃ ကီလိုမီတာ) အကွာရှိ အာမက်စ်ဘာရီရှိ အဆောက်အအုံတစ်လုံးထဲတွင် မေ့မျောနေသည့် အမျိုးသားနှင့် အမျိုးသမီးတို့ကို တွေ့ရှိခဲ့ပြီးနောက် လေးရက်အကြာတွင် ဗြိတိန်ရဲတပ်ဖွဲ့က အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်ရပ်နှစ်ခုကြား ဆက်စပ်မှုရှိမရှိကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဘာဆုကပြောဆိုခဲ့သည်။ ယခုတိုက်ခိုက်ခံရသူနှစ်ဦးသည် သူလျှိုဟောင်းများမဟုတ်သောကြောင့် တိုက်ခိုက်မှု၏အကြောင်းအရင်းကို ပြောဆိုရန် ခက်ခဲနေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဆာကရီပယ်သားအဖတိုက်ခိုက်ခံရမှုသည် ရုရှား၏လက်ချက်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောဆိုခဲ့ပြီးဖြစ်သည်။

ဇွန် ၃၀ ရက် အစောပိုင်းတွင် အာမက်စ်ဘာရီ၌ နေထိုင်သည့် အမျိုးသမီးတစ်ဦး မူးမေ့လဲကျကြောင်း သတင်းပေးမှုရှိခဲ့ပြီးနောက် ယင်းနေ့အနှောင်းပိုင်းတွင် အမျိုးသားတစ်ဦးလည်း မူးမေ့လဲကျခဲ့ကြောင်း ဖုန်းဆက်ခေါ်ယူမှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ လဲကျသူနှစ်ဦးမှာ နေအိမ်တစ်လုံးထဲတွင် နေထိုင်သူများဖြစ်ကြပြီး အသက် ၄၄ နှစ်အရွယ် ဒေါင်းစတာဂက်စနှင့် အသက် ၄၅ နှစ်အရွယ် ချာလီရိုလေတို့ဖြစ်ကြောင်း မိတ်ဆွေများကပြောဆိုခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သိရှိထားပြီး အလေးအနက်ထားပါကြောင်း ဝန်ကြီးချုပ်ထရီဆာမေ၏ရုံးကပြောဆိုခဲ့သည်။ အစိုးရအဖွဲ့သည် အရေးပေါ်ကော်မတီအစည်းအဝေးကို ဇူလိုင် ၄ ရက်နှင့် ၅ ရက်တွင် ခေါ်ယူခဲ့ပြီးဖြစ်သည်။ အာမက်စ်ဘာရီရှိ တိုက်ခိုက်ခံရသူနှစ်ဦးကိုလည်း ဆာကရီပယ်စ်သားအဖကို ကုသမှုပြုလုပ်ခဲ့သည့် ဆာလစ်ဘာရီခရိ်ုင်ဆေးရုံ၌ပင် ကုသမှုများပြုလုပ်ပေးနေသည်။