ဘေရွတ် ” လွန်ခဲ့သော နှစ်ပတ်အတွင်း ဆီးရီးယားအစိုးရ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သန်းချီသော လူဦးရေ လေးပုံတစ်ပုံကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီးနောက် ဆီးရီးယား အနောက်တောင်ပိုင်းတွင် ပြုလုပ်မည့် လက်နက်ချဆွေးနွေးပွဲတွင် ဆီးရီးယားသူပုန်များ ပါဝင်ဆွေးနွေးမည်ဟု ဇူလိုင် ၃ ရက်က ထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံနှင့် အီရန်နိုင်ငံတို့က ကျောထောက်နောက်ခံပေးထားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများက ဆီးရီးယား နိုင်ငံရှိ မိသားစုများကို တကွဲတပြား ဖြစ်စေခဲ့သည်။ အစ္စရေးနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံနယ်စပ် ဂိတ်များက ၎င်းတို့နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခွင့် ပိတ်ပင်ထားသောကြောင့် စစ်ဘေးဒုက္ခသည်များမှာ နယ်စပ်ရှိမြို့များတွင် ပိတ်မိလျက်ရှိကြောင်း သိရသည်။
အဓိက ပြည်ပထောက်ပံ့မှုမရှိဘဲ နောက်ဆုံး အတိုက်အခံ သူပုန်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေမှာမကြာသေးမီနှစ်များအတွင်း ပထဝီနိုင်ငံရေး အဆုံးအဖြတ်လိုအပ်နေသည့် အခြေအနေသို့ ပြောင်းလဲလာခဲ့သည်။
အိမ်နီးချင်း နှစ်နိုင်ငံလုံးက စစ်ဘေးဒုက္ခသည်များ ၎င်းတို့၏ နယ်စပ်အနီးသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို စိုးရိမ်တကြီး စောင့်ကြည့်လျက်ရှိသည်။ ဆီးရီးယားသမ္မတ ဘာရှားအာဆတ်၏ တပ်ဖွဲ့များနှင့်အတူ အီရန်နိုင်ငံက ပြည်သူ့စစ်တပ်ဖွဲ့များကို တပ်ဖြန့်ခဲ့သည်။
ဆီးရီးယားသူပုန်အုပ်စု ထိန်းသိမ်းထားသော နယ်မြေများနှင့်ပတ်သက်ပြီး သဘောတူညီချက် ရရေးအတွက် ကြိုးပမ်းလျက်ရှိပြီး အာဆတ်အစိုးရ၏ အဓိက ကျောထောက်နောက်ခံ ရုရှားနိုင်ငံနှင့် ဆီးရီးယား သူပုန်အုပ်စုတို့ ပြန်လည် ဆွေးနွေးလျက်ရှိကြောင်း ဆီးရီးယားသူပုန် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီဘရာဟင်အယ်လ်ဂျာဘာဝီက ပြောသည်။
ဆီးရီးယားနိုင်ငံရှိ လူဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ခန့် ၎င်းတို့၏ နေရပ်ကျေးရွာများမှ စွန့်ခွာခဲ့ရပြီး အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသ အနီးရှိ ကွင်နိုက်ထရာ နယ်မြေတွင် ယာယီရွက်ထည်တဲစခန်းများ ဆောက်လုပ်၍ နေထိုင်လျက်ရှိကြောင်း ကုလသမဂ္ဂက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ နယ်မြေအနှံ့တွင် လူဦးရေ ထောင်ပေါင်းများစွာ အခြေချနေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြင်းထန်သော ရာသီဥတုကြောင့် လူသေဆုံးမှုအချို့ရှိခဲ့ပြီး အရင်းအမြစ်အနည်းငယ်သာရှိသည့် ဂျော်ဒန်နိုင်ငံ နယ်စပ်သို့ နောက်ထပ် လူဦးရေ ခြောက်သောင်းခန့်က ဦးတည်လျက်ရှိသည်။ ကင်းမြီးကောက် အကိုက်
ခံရမှု၊ ရေဓာတ်ခန်းခြောက်မှု၊ သို့မဟုတ် မသန့်ရှင်းသော ရေမှတစ်ဆင့် ကူးစက်သည့် ရောဂါများကြောင့် အနည်းဆုံးကလေးငယ် ၁၂ ဦး၊ အမျိုးသမီးနှစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက်သမားများ ထိန်းချုပ်ထားသော နယ်မြေများကို အောင်မြင်စွာ ရှင်းလင်းပြီးဖြစ်သောကြောင့် ဒုက္ခသည်များ နေရပ်သို့ ပြန်လည်လာရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း ဆီးရီးယားအစိုးရက ဇူလိုင် ၃ ရက်တွင်ကြေညာခဲ့သည်။

















