မက္ကဆီကို ပြိုင်ဘက်ကိုယ်စားလှယ်လောင်း နှစ်ယောက်က အလျှော့ပေးခဲ့ပြီးနောက် အကျင့်ပျက်ခြစားမှုများနှင့် ဆင်းရဲမွဲတေမှုများကို တိုက်ဖျက်မည်ဟု မဲဆွယ်စည်းရုံးရာတွင် ဟစြွေ်ကးခဲ့သူ အန်ဒရီးစ် မင်နျူရယ်လိုပက်ဇ် အော်ဘရာဒိုသည် ဇူလိုင် ၁ ရက်တွင် ပြုလုပ်ခဲ့သော မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ မက္ကဆီကိုနိုင်ငံက လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကတည်းက ဒီမိုကရေစီ အကူးအပြောင်းကို စတင်ခဲ့ပြီးနောက် ယခုရွေးကောက်ပွဲတွင် ပထမဦးဆုံး လက်ဝဲဝါဒီ သမ္မတကို ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
ယခင် ရွေးကောက်ပွဲကျင်းပချိန်က မရှိခဲ့သော လိုပက်ဇ်၏ပါတီသည် မက္ကဆီကို နိုင်ငံကို ရာစုနှစ်တစ်စုနီးပါးကြာ အုပ်ချုပ်လာခဲ့သော ပါတီကြီးနှစ်ပါတီ၏ အတိုက်အခံအဖြစ် ရပ်တည်ရင်း ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အသက် ၆၄ နှစ်အရွယ်ရှိသော မက္ကဆီကိုမြို့တော်ဝန်ဟောင်းက နှိမ့်ချမှုရှိသော၊ သူ၏ ရိုးသားသော လူမှုဘဝ နေထိုင်မှုပုံစံအတိုင်း အုပ်ချုပ်သွားရန် ကတိပြုခဲ့ပြီး အာဏာရ နိုင်ငံရေးအသိုင်းအဝိုင်းက ကိုယ်ကောင်းစားရေးကိုသာ ရှေးရှု၍ ဇိမ်ခံနေမှုများကို မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။
ကနဦး တရားဝင် မဲရေတွက်ချက်အရ လိုပက်စ် အော်ဘရာဒိုက ဆန္ဒမဲအရေအတွက် ၅၃ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုမဲရလဒ်ကြောင့် သူ၏ အဓိက ပြိုင်ဘက်နှစ်ဦးဖြစ်သော ရီကာဒို အနာယာနှင့် ဟိုဆေး အန်တိုနီယို မီအာဒီတို့က အရှုံးပေးခဲ့ကြပြီး ဂုဏ်ပြုလွှာ ပေးပို့ခဲ့ကြသည်။ မာဖီးယားအာဏာဟု ၎င်းပြောဆိုနေကျ အစဉ်အလာရှိသော နိုင်ငံရေးသမားများကို ပြတ်သားစွာ ငြင်းပယ်လိုက်ခြင်းကို လိုပက်ဇ်အော်ဘရာဒို ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုကကိုယ်စားပြုနေသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း စက်မှုပညာရှင်များနှင့် အမေရိကန်နိုင်ငံကို ထောက်ခံအားပေးသော နိုင်ငံရေးသမားများက မက္ကဆီကို နိုင်ငံကို ဦးဆောင်ခဲ့ပြီး ယခု သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ လိုပက်ဇ် အော်ဘရာဒို၏ စံနမူနာထားသူများမှာ အင်အားကြီး နိုင်ငံခြား တိုင်းပြည်များကို ရပ်တည်ခဲ့သော မက္ကဆီကို လွတ်လပ်ရေးနှင့် တော်လှန်ရေးခေါင်းဆောင်များဖြစ်သည်။
အဆိုပါ ဆန္ဒမဲပေးပွဲ၏ နောက်ကွယ်တွင် အမေရိကန်သမ္မတ ထရမ့်က လွှမ်းမိုးလျက်ရှိသည်။ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးနှင့် ကုန်သွယ်ရေးမူဝါဒများ၊ မက္ကဆီကိုဆန့်ကျင်သော မိန့်ခွန်းများကို ကိုယ်စားလှယ်လောင်းအကုန်လုံးက ဆန့်ကျင်သောကြောင့် ရွေးကောက်ပွဲနောက်ကွယ် ထရမ့်ကိစ္စမှာ အငြင်းပွားစရာ ကိစ္စမဟုတ်သော်လည်း ဝရုန်းသုန်းကားနိုင်သော အခြေအနေရှိသည့် နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးကို မက္ကဆီကိုသမ္မတ အသစ်က စီမံခန့်ခွဲရမည်ဖြစ်သည်။ အမေရိကန်သမ္မတ ထရမ့်က လိုပက်ဇ် အော်ဘရာဒိုထံသို့ တွစ်တာမှတစ်ဆင့် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး မက္ကဆီကိုနှင့် အမေရိကန်နှစ်နိုင်ငံ အကျိုးဖြစ်စေမည့်အရာများ ပူးပေါင်းလုပ်ဆောင်စရာများရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။လိုပက်ဇ် အော်ဘရာဒို၏ ပြိုင်ဘက်များက ၎င်းကို အန္တရာယ်ရှိသော၊ လူထုအကျိုးကို အဓိကထားသော ဝါဒသမား တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြပြီး စီးပွားရေး ပုံစံများ ကျဆင်းလာနိုင်သည့်အပြင် နိုင်ငံအတွင်း ဝင်ရောက်စွက်ဖက်မှု မြင့်တက်လာနိုင်ပြီး ထရမ့်အစိုးရနှင့် ဖိအား ပိုမိုတင်းမာလာနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် မက္ကဆီကိုသမ္မတ အန်းရစ် ပီနာနီတိုနှင့် လွန်ခဲ့သော ရာစုနှစ်တစ်ခုနီးပါး မက္ကဆီကိုနိုင်ငံကို အုပ်ချုပ်ခဲ့သည့် သူ၏ အဖွဲ့အစည်းဆိုင်ရာ တော်လှန်ရေးပါတီက အချိန်ကြာမြင့်စွာ ကြီးစိုးချယ်လှယ်ခဲ့သော ပါတီက ကိုယ်စားလှယ်လောင်းများကို အကျပ်အတည်းနှင့်ရင်ဆိုင်စေခဲ့ပြီး ပုံမှန် နိုင်ငံရေး ကိုယ်စားလှယ်လောင်းများ အနက် အခြားရွေးချယ်စရာ ကိုယ်စားလှယ်လောင်းများကို ရှာဖွေရန် မဲဆန္ဒရှင်များကို တိုက်တွန်းခဲ့သည်။
မက္ကဆီကိုနိုင်ငံ ပင်လယ်ကွေ့ကမ်းရိုးတန်းပြည်နယ် တာဘက်စ်ကိုတွင် လူလတ်တန်းစားမိသားစု၌ ကြီးပြင်းလာခဲ့သော လိုပက်ဇ်အော်ဘရာဒိုက ၎င်း၏ နိုင်ငံရေး ဘဝကို ပြည်သူ့အခြေပြု စီမံကိန်းများဖြင့် ကျေးရွာများတွင်စတင်ခဲ့ပြီး မက္ကဆီကိုနိုင်ငံ၏ ထင်ရှားသည့် မညီမျှမှုကို ထောက်ပြပေးနိုင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ပီအာရ်အိုင်ပါတီမှ နှုတ်ထွက်ခဲ့ပြီး လက်ဝဲအတိုက်အခံပါတီကို ပူးပေါင်းခဲ့သည်။ ဆန္ဒမဲ လိမ်လည်မှုနှင့် အစိုးရပိုင်ရေနံလုပ်ငန်းတွင် ဥပဒေချိုးဖောက်မှုများကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် ခေါင်းဆောင်အဖြစ် လိုပက်ဇ် အော်ဘရာဒိုကို လူသိများလာခဲ့ခြင်းဖြစ်သည်။

















