ဗန်းမော်တွင် ဘိန်းဖြူများဖမ်းမိ

ဗန်းမော်တွင် ဘိန်းဖြူများဖမ်းမိ

ဗန်းမော်မြို့နယ်တွင် ဆိ်ုင်ကယ်မောင်းနှင်သူထံမှ ဘိန်းဖြူများဖမ်းဆီးခဲ့ပြီးနောက် ၄င်း၏ နေအိမ်မှ ဘိန်းဖြူများ ထပ်မံသိမ်းဆည်းခဲ့မှု ယနေ့ (ဇူလိုင် ၅ ရက်နေ့)တွင် ဖြစ်ပွားခဲ့ကြောင်းသိရ သည်။

အဆိုပါနေ့ နံနက် ၅ နာရီခွဲခန့်တွင် ဗန်းမော်မြို့နယ်၊မန်ရွတ်ကျေးရွာ၊ ကျန်းမာရေးဆေးခန်းအနီးတွင် ဗန်းမော်ခရိုင်မှုခင်းနှိမ်နင်းရေးမှ ရဲအုပ်မြင့်ထူးနှင့် ကျေးရွာမူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ကံကြီး-ကမ္ဘားနီကျေးရွာနေဆန်းအေး(၄၈)နှစ် နေသူမောင်းနှင်လာသည့် ကန်ဘို-၁၂၅ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စုစုပေါင်းဘိန်းဖြူမှုန့်အလေးချိန်(၆ ဒသမ ၆)ဂရမ်ပါ ကော်ဗူး(၂၂)ဗူး တွေ့ရှိရသဖြင့် ဗန်းမော်မြို့မရဲစခန်းကမယ(ပ)၁၀ဝ/၁၈ မူးစိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားသည်။

၄င်းကို ဆက်လက်စစ်ဆေးချက်အရ ၎င်းနေအိမ် ကုတင်ပေါ်၌ မူးယစ်ဆေးဝါးများရှိကြောင်း ထွက်ဆိုချက်အရ သွားရောက်ရှာဖွေရာ စုစုပေါင်းဘိန်းဖြူမှုန့်အလေးချိန်(၁၂)ဂရမ်ပါ ကော်ဗူး(၄၀)ဗူး ထပ်မံတွေ့ရှိရသဖြင့် ဗန်းမော်မြို့မရဲစခန်းကမယ(ပ)၁၀၁/၁၈ မူးစိတ်ပုဒ်မ ၁၉(က)အရ ဆက်လက်အမှုဖွင့် အရေး ယူထားကြောင်းသိရသည်။