အန္တရာယ်ကင်းရှင်းရေး ရာနှုန်းပြည့်စိတ်ချရမှ ဂူပြင်သို့ ကယ်ထုတ်မည်

အန္တရာယ်ကင်းရှင်းရေး ရာနှုန်းပြည့်စိတ်ချရမှ ဂူပြင်သို့ ကယ်ထုတ်မည်

မယ်ဆိုင်  (ထိုင်း) ” ထိုင်းနိုင်ငံမြောက်ပိုင်း ရေလွှမ်းနေသည့် လိုဏ်ဂူတစ်ခုထဲတွင် တစ်ပတ်ကျော်ကြာ သောင်တင်နေသည့် ထိုင်းလူငယ်လေးများက  ဇူလိုင် ၄ ရက်၌ထုတ်လွှင့်သည့် ဗီဒီယိုတစ်ခုတွင် ၎င်းတို့ကျန်းမာကြောင်း ပြောကြားထားသည်။လူငယ်ကလေး ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြသည် ပိန်ကပ်ကပ် မျက်နှာလေးများဖြင့် ထိုင်နေသည်ကို လက်နှိပ်ဓာတ်မီး အလင်းရောင်ဖြင့် မြင်တွေ့ရသည်။  ကလေးအချို့မှာ နွေးထွေးစေသည့် သတ္တုလွှာစောင်များဖြင့် ရစ်ပတ်ကာ လက်အုပ်လေးများချီ၍ ထိုင်းရိုးရာအတိုင်းနှုတ်ဆက်ကြပြီး  ၎င်းတို့ အမည်များနှင့် ကျန်းမာကြောင်း ပြောကြားကြသည်။ အဆိုပါ တစ်မိနစ်ကြာ ဗီဒီယိုကို ဇူလိုင် ၃ ရက်က ရိုက်ကူးခဲ့ကာ  ထိုင်းရေတပ်မတော် အထူးကွန်မန်ဒို (Navy SEAL)ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇူလိုင် ၄ ရက် နံနက်ပိုင်းက ထုတ်လွှင့်ခဲ့သည်။ ရေတပ်က နောက်ထပ် ဗီဒီယိုနှစ်ခုကိုလည်း ထပ်မံလွှင့်တင်ခဲ့သည်။

အဆိုပါကလေးများကို ဆရာဝန်များအပါအဝင် အဖွဲ့ဝင် ခုနစ်ဦးက ဂူအတွင်းထဲ၌၎င်းတို့နှင့်အတူ နေထိုင်ကာ ကြည့်ရှုစောင့်ရှောက်ထားသည်။ ကလေးများ ကျန်းမာရေးအခြေအနေကောင်းပြီး ပရိုတိန်းဓာတ်များသည့်အရည်များ သောက်နေကြသည်။ထိုင်းရေတပ် အထူးကွန်မန်ဒိုတပ်ဖွဲ့၏တပ်မ·း ရေတပ်ဗိုလ်ချုပ်ကြီး အာပါကွန်ယူကွန်ကောက ကလေးများရှိသည့် နေရာသည် လုံခြုံသည့်အတွက် ဂူထဲမှ အပြင်သို့ထွက်ရန်အလျင်စလိုလုပ်စရာမလိုကြောင်း ပြောသည်။

ဂူထဲတွင် လက်ရှိရေလွှမ်းနေသည့်အခြေအနေအရ ကလေးများသည် ရေငုပ်ထွက်ခွာရမည်ဖြစ်ကာ အဆိုပါ နည်းလမ်းသည် အလွန်အန္တရာယ်များနိုင်ကြောင်း ကယ်ဆယ်ရေးကျွမ်းကျင်သူများက ဆိုသည်။

ဂူထဲဝင်နေသည့်ရေများကို ရေစုပ်စက်များဖြင့် ဆက်လက် ကြိုးပမ်းစုပ်ထုတ်နေသော် လည်း ယခုသီတင်းပတ်တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု ကြိုတင်ခန့်မှန်းထားချက်ကြောင့် ကယ်ဆယ်ရေးသမားများ ဝင်ရောက်ခဲ့သည့် ခက်ခဲသောလမ်းကြောင်းကို အသုံးပြုကာ ကလေးများကိုယ်တိုင် ရေငုပ်ထွက်သင့်သည်ဟု ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အချို့သော ထိုင်းတာဝန်ရှိသူများက ဆိုသည်။

ချင်းရိုင် ပြည်နယ်အုပ်ချုပ်ရေးမ·း နာရွန်ဆပ်အိုဆာတာနာကွန်းက ကလေးများသည် ရေငုပ်မျက်နှာဖုံးများဝတ်ဆင်ကာ အသက်ရှူနည်းလေ့ကျင့်နေသည်ဟု ပြောကြားကာ ရေငုပ်နည်းကို လေ့ကျင့်သင်ကြားဖူးခြင်းရှိမည်မထင်ကြောင်းပြောသည်။ မည်သည့်အချိန်တွင် ဂူထဲက လူငယ်များကို ပြင်ပသို့ကယ်ထုတ်နိုင်မည်ကို မသိရသေးကြောင်းကိုလည်း နာကွန်းက ဆက်လက်ပြောကြားခဲ့သည်။ "ဒီနည်းက အန္တရာယ်ရှိတယ်။ စိတ်မချရဘူးဆိုရင် ကျွန်တော်တို့ ဆက်လုပ်မှာ မဟုတ်ပါဘူး။ ၁၀ဝ ရာခိုင်နှုန်း စိတ်ချရမှ လုပ်မှာပါ" ဟု ၎င်းက ဆိုသည်။

ဂူထဲသို့ဝင်ရန် အခြားနည်းလမ်းအဖြစ် တောင်ဘေးနံရံကို ဖောက်ခြင်း၊ ဂူထဲမှ ရေစုပ်ထုတ်ရန် မြန်ဆန်သည့်နည်းလမ်းများ ရှာဖွေခြင်းကဲ့သို့ အခြားနည်းလမ်းများကို လေ့လာနေကြောင်း အာဏာပိုင်များက ဆိုသည်။ကလေးများ ရှိနေသည့်နေရာသို့ ရိက္ခာများပို့ဆောင်ပေးကာ ရေကျသည်အထိ စောင့်ဆိုင်းခြင်းသည် အန္တရာယ်အကင်းဆုံးဖြစ်သည်ဟုကယ်ဆယ်ရေး ကျွမ်းကျင်သူများက ဆိုသည်။

သို့သော် အဆိုပါနည်းလမ်းသည် လများစွာကြာမြင့်နိုင်ကာ ထိုင်းနိုင်ငံ မိုးရာသီသည် အောက်တိုဘာလအထိ ကြာမြင့်နိုင်ကြောင်းသိရသည်။