ပါရီ - ဂရင်းပိစ် (ခေါ်) မြစိမ်းရောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏ အဝေးထိန်းခလုတ်နှစ်မျိုးဖြင့် ထိန်းချုပ်ရသည့် အသေးစား မောင်းသူမဲ့လေယာဉ်တစ်စင်းသည် ပြင်သစ်နျူကလီးယားဓာတ်ပေါင်းဖို အဆောက်အအုံဘေးပတ်လည်၏ အကာအကွယ်မရှိသည့် နေရာကို ဝင်တိုက်ခဲ့ကြောင်း သိရသည်။
စူပါမင်းကဲ့သို့ ပုံစံတူပြုလုပ်ထားသည့် အဆိုပါမောင်းသူမဲ့လေယာဉ်သည် ပြင်သစ်အရှေ့ဘက်ခြမ်းရှိ လိုင်ယွန်မြို့မှ ကီလိုမီတာ ၃၀ (မိုင် ၂၀) ခန့်ကွာဝေးသော ဘူဂေးမြို့ရှိ နျူကလီးယားစက်ရုံ၏ နံရံကို ဝင်တိုက်ခဲ့ကြောင်း ဇူလိုင် ၃ ရက်တွင် ဂရင်းပိစ်က ဗီဒီယိုမှတ်တမ်း ပြသခဲ့သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပြောကြားရာတွင် အဆိုပါယာဉ်ငယ်ကြောင့် ထိခိုက်ပျက်စီးမှုမရှိသော်လည်း ပြင်သစ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၇၅ ရာခိုင်နှုန်းအတွက် အဏုမြူစွမ်းအင်သုံးစွဲရသည့် ပြင်သစ်၏ နျူကလီးယားလုံခြုံမှုအားနည်းသည်ကို ပြသနေခြင်းဖြစ်သည်ဟု ဂရင်းပိစ်က ဆိုသည်။

















