လစ်ဘာတီရုပ်တုကြီးပေါ်တက်ကာ အမျိုးသမီးတစ်ဦး ဆန္ဒပြမှုကြောင့် လာရောက်လည်ပတ်သူများကို ရဲတပ်ဖွဲ့က အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရ

လစ်ဘာတီရုပ်တုကြီးပေါ်တက်ကာ အမျိုးသမီးတစ်ဦး ဆန္ဒပြမှုကြောင့် လာရောက်လည်ပတ်သူများကို ရဲတပ်ဖွဲ့က အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရ

အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်သော ဇူလိုင် ၄ ရက်တွင် နယူးယောက်ဆိပ်ကမ်းပိုင်နက် လစ်ဘာတီကျွန်းပေါ်ရှိ လစ်ဘာတီရုပ်တုကြီး အောက်ခြေခုံပေါ်သို့တက်ကာ အမျိုးသမီးတစ်ဦးဆန္ဒပြမှုကြောင့် ကျွန်းပေါ်ရောက်နေသော ကမ္ဘာလှည့်ခရီးသည်များကို ရဲတပ်ဖွဲ့က အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

 

လစ်ဘာတီရုပ်တုကြီးတည်ထားရာ အောက်ခြေခုံမြင့်ပေါ်သို့တက် နေသောအမျိုးသမီးကို အောက်ဆင်းလာရန် ရဲတပ်ဖွဲ့သည် သုံးနာရီကြာ ဖျောင်းဖျယူခဲ့ရပြီး ယခုအခါ ထိုအမျိုးသမီးကို ထိန်းသိမ်းထားကြောင်း သိရသည်။ လစ်ဘာတီရုပ်တုကြီးအောက်ခြေခုံပေါ်သို့ တွယ်တက်နေ သည်ကို မျက်မြင်သက်သေများက ဗီဒီယိုများရိုက်ကာ ဆိုရှယ်မီဒီယာများ ပေါ်သို့လည်း တင်ခဲ့ကြသည်။ အစောပိုင်းရက်များကလည်း လစ်ဘာတီ ရုပ်တုကြီးရှေ့တွင် ဆန္ဒပြမှုဖြင့် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရသည်။ ဆန္ဒပြသူများသည် အမေရိကန်နိုင်ငံတစ်ဝန်း တရားမဝင် ဝင်ရောက်နေထိုင်နေသော ရွှေ့ပြောင်းခိုလှုံသူများကို ဖော်ထုတ်ဖမ်းဆီး နေသည့် လူဝင်မှုနှင့်အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့(ICE)ကို ဖျက်သိမ်းပေးရေးတောင်းဆိုစာတန်းကို လစ်ဘာတီရုပ်တုကြီးအောက်ခြေခုံ တွင် ချိတ်ဆွဲခဲ့ကြမှုဖြင့်ထိန်းသိမ်းခံခဲ့ရသည်။(ICE) အဖွဲ့ကြောင့် အမေ ရိကန်နိုင်ငံတစ်ဝန်း တရားမဝင် ဝင်ရောက်နေသည့် ခိုလှုံသူမိဘများ ဖမ်းဆီးထိန်းသိမ်းခံရကာ ကလေးများအား ထိန်းသိမ်းရေးစခန်းတွင် သီးခြားထိန်းသိမ်းထားမှုကို နိုင်ငံတစ်ဝန်း၌ ပြီးခဲ့သည့်လပိုင်းအတွင်းက ကန့်ကွက်ဆန္ဒပြမှု အများအပြားဖြစ်ပွားလျက်ရှိသည်။

မသိရသေး

ယခုနောက်ဆုံးဖြစ်စဉ်တွင်ပါဝင်သည့် အမျိုးသမီးသည် မည်သူမည် ဝါမှန်းမသိရသေးသလို မည်သည့်ရည်ရွယ်ချက်ဖြင့် လစ်ဘာတီရုပ်တု ပေါ်တက်ခြင်းကိုလည်း ရှင်းလင်းစွာမသိရသေးဟုဆိုသည်။