တရုတ်နည်းပညာကုမ္ပဏီကြီး ဘိုင်ဒူသည် ဂျပန် ဆော့ဖ်ဘဏ်ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲတစ်ခုနှင့် ပူးပေါင်းကာ ဂျပန်နိုင်ငံတွင် အလိုအလျောက်မောင်းဘတ်စ်ကား အနည်းဆုံး ၁၀ စီးကို ယခုနှစ်အတွင်း စမ်းသပ်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ အဓိက အင်တာနက်ရှာဖွေရေးအင်ဂျင်ကြီးဖြစ်သည့် ဘိုင်ဒူသည် ဘတ်စ်ကားများတွင် တပ်ဆင်နိုင်သည့် ကွန်ပြူတာဉာဏ်ရည်(အေအိုင်)အခြေခံ အလိုအလျောက်မောင်းကားစနစ်တစ်ခုဖြစ်သည့် အပိုလောင်းကို ဇူလိုင် ၄ ရက်တွင် အမြောက်အမြား စတင်ထုတ်လုပ်ခဲ့သည်။
မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းကို ပြောင်းလဲကာ အနာဂတ် လူနေမှုပုံစံကိုလည်း ပြောင်းလဲဖန်တီးသွားမည်ဖြစ်ကြောင်း ဘိုင်ဒူဥက္ကဌ ရော်ဘင်လီက ပေကျင်းတွင် ပြောဆိုခဲ့သည်။
ကားစတီယာရင်ဘီး၊ လီဗာနှင့် ဘရိတ်ခြေနင်းများ မပါရှိသည့် အပိုလောင်း အလိုအလျောက်မောင်းစနစ်ကို ဘိုင်ဒူနှင့် တရုတ်ဘတ်စ်ကားထုတ်လုပ်သူ ကျီယာမန် ကင်းလောင် ယူနိုက်တက်ကားစက်မှု ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ခဲ့ပြီး ခေတ်ရှေ့ပြေးအလိုအလျောက်မောင်းအဆင့် ၆ တွင် ဒုတိယဆင့်ဖြစ်ကြောင်း ကားထုတ်လုပ်သူအင်ဂျင်နီယာများအသင်းက ပြောဆိုခဲ့သည်။
ဘိုင်ဒူနှင့် ပူးပေါင်းလုပ်ကိုင်မည့် ဆော့ဘဏ့်၏လုပ်ငန်းခွဲ အက်စ်ဘီဒရိုက်ဗ်သည် ပြင်သစ် အလိုအလျောင်မောင်းစနစ် နက်ဗ်ယာစီမံကိန်းတွင် ပါဝင်ခဲ့သည့် အတွေ့အကြုံရှိသည်။ ထို့ပြင် အက်စ်ဘီဒရိုက်ဗ်၏ အလိုအလျောက်မောင်း ဘတ်စ်ကားစနစ်ကို ယိုယွင်းခဲ့သည့် ဖူကူရှီးမား အမှတ် ၁ နျူကလီးယားဓာတ်အားပေးစက်ရုံတွင် သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများက လက်တွေ့အသုံးပြုခဲ့သည်။ တိုကျို ဟာနဲဒါလေဆိပ်တွင် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများနှင့် ကမ္ဘာလှည့် ခရီးသည်များ အသုံးပြုရန်လည်း ယင်းအလိုအလျောက်မောင်း ဘတ်စ်ကားစနစ် အသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။

















