အမေရိကန်မှ ဘိုးအင်းကုမ္ပဏီသည် ဘရာဇီးမှ အမ်ဘရေရာလေယာဉ်ကုမ္ပဏီတစ်စိတ်တစ်ပိုင်းကိုပါ ဝယ်ယူထိန်းချုပ်ခြင်းဖြင့် အငယ်စား ခရီးသည်တင်လေယာဉ်ဈေးကွက်ကိုပါ သိမ်းပိုက်ရန် ခြေလှမ်းပြင်ခဲ့သည်။ ယခင်က ဘိုးအင်းသည် အမ်ဘရေရာနှင့် မကြာခဏ တရားရင်ဆိုင်ခဲ့ဖူးသည်။
သို့သော် ပြိုင်ဘက်ဖြစ်သည့် ဥရောပမှ အဲဘတ်စ်သည် ကနေဒါမှ လေယာဉ်ငယ်ထုတ်လုပ်သည့် ဘုမ်ဘာဒီယားကုမ္ပဏီကို ထိန်းချုပ်လိုက်ပြီးနောက် ဘိုးအင်းကလည်း အမ်ဘရေရာကို သိမ်းသွင်းရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဘိုးအင်းသည် အမ်ဘရေရာ၏ ကူးသန်းရောင်းဝယ်ရေးလေယာဉ်အစီအစဉ်ကို ဒေါ်လာ ၄ ဒသမ ၇၅ ဘီလီယံဖြင့် တန်ဘိုးသင့်ကာ ကုမ္ပဏီနှစ်ခုအကြား ဖက်စပ်လုပ်ငန်းသစ်တစ်ခု ထူထောင်သွားမည်ဖြစ်သည်။ ဘိုးအင်းသည် ယင်းလုပ်ငန်းသစ်၏ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံတန် ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားမည်ဖြစ်သည်။
အမ်ဘရေရာသည် ဘရာဇီး၏ ဂုဏ်ယူဖွယ် စက်မှုလုပ်ငန်းဖြစ်ကာ အဓိကအားဖြင့် စစ်သုံးလေယာဉ်များ ထုတ်လုပ်ခဲ့သည်။ လိုအပ်သည့်အတည်ပြုမှုများ စောင့်ဆိုင်းနေပြီးနောက် အပြီးသတ်သဘောတူညီမှုကို ၂၀၁၉ နှစ်ကုန်တွင် ရရှိရန် ခန့်မှန်းသည်။
ဒေသဆိုင်ရာလူစီးဂျက်လေယာဉ်ငယ်များဈေးကွက်တွင် အမ်ဘရေရာနှင့် ဘုမ်ဘာဒီယာတို့ ပြိုင်ဘက်ဖြစ်ခဲ့ပြီးနောက် ယခုအခါ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းလိုက်၍ ခရီးသည်တင်လေယာဉ်ဈေးကွက်တွင် ဘိုးအင်းနှင့် အဲဘတ်စ်သာ ကျန်ရစ်မည်ဖြစ်သည်။ ဘုမ်ဘာဒီယာ၏ စီစီးရီးလေယာဉ်များသည် ဘိုးအင်း ၇၃၇ အငယ်စားနှင့် အဲဘတ်စ် အေ ၃၂၀ တို့နှင့် တိုက်ရိုက်ယှဉ်ပြိုင်နိုင်ခဲ့သည်။ အမ်ဘရေရာသည်လည်း အလားတူလေယာဉ်ငယ်များထုတ်လုပ်ခဲ့သည်။
ဘုမ်ဘာဒီယာ၏ စီစီးရီးလေယာဉ်ထုတ်လုပ်မှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဘဏ္ဍာငွေထောက်ပံ့ခဲ့ခြင်းကို ဘိုးအင်းက ကန့်ကွက်ခဲ့သည်။ ယင်းကြောင့် ဘုမ်ဘာဒီယာက စီစီးရီး၏ အဓိကရှယ်ယာဝင်အဖြစ် အဲဘတ်စ်ကို ကမ်းလှမ်းခြင်းဖြင့် ဘိုးအင်းကို တုံ့ပြန်ခဲ့သည်။ ဘိုးအင်းကလည်း ဘုမ်ဘာဒီယာ၏ပြိုင်ဘက် အမ်ဘရေရာနှင့် ဖက်စပ်လုပ်ငန်းသစ် ထူထောင်ခြင်းဖြင့် အဲဘတ်စ်-ဘုမ်ဘာဒီယာအတွဲကို တန်းတူရည်တူ ယှဉ်ပြိုင်ကာ လေယာဉ်ငယ်ဈေးကွက်ကို သိမ်းပိုက်ရန် ခြေလှမ်းလိုက်ခြင်းဖြစ်သည်။

















