မက္ကစီကိုမြို့တစ်မြို့တွင် မီးရှူးမီးပန်းဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှုကြောင့် ၂၄ ဦးသေဆုံးခဲ့

မက္ကစီကိုမြို့တစ်မြို့တွင် မီးရှူးမီးပန်းဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှုကြောင့် ၂၄ ဦးသေဆုံးခဲ့

မက္ကစီကိုနိုင်ငံတာပက်မြို့တွင် မီးရှူးမီးပန်းဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှုကြောင့် ၂၄ ဦးသေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

မြို့တော် မက္ကစီကိုစီးတီးမှ မိုင် ၂၀ အကွာတွင် တည်ရှိသောတာပက်မြို့သည် မီးရှူးမီးပန်းမြို့တော်အဖြစ်လည်း ထင်ရှားပြီး မီးရှူးမီးပန်းလုပ်ငန်းများ၊ မီးရှူးမီးပန်းအလှ ပညာရှင်များ စုဝေးနေသည့်မြို့လည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်ကလည်း မီးရှူးမီးပန်းဈေးအတွင်း မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ရဖူးသည်။

ထိုစဉ်က မီးရှူးမီးပန်းဈေးကိုပိတ်သိမ်းရန် သမ္မတအဲနရစ် ပီနာနစ်တိုထံ လျှောက်ထားတောင်းဆိုမှုများ ရှိခဲ့သော်လည်း သမ္မတက ဈေးကို ပြန်တည်ဆောက်ပေးကာ တာပက်မြို့မှ မီးရှူးမီးပန်းလုပ်ငန်းများ၊ အစဉ်အလာ မီးရှူးမီးပန်းအလှပြ အတတ်ပညာရှင်များ မပျောက်ကွယ်စေရေး အားပေးဆောင်ရွက်ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင်လည်း မီးရှူးမီးပန်းများပေါက်ကွဲမှုကြောင့် ၇ ဦး သေဆုံးခဲ့ရသေးသည်။ တာပက်မြို့တွင် နှစ်စဉ် နိုင်ငံလုံးချီ မီးရှူးမီးပန်းအလှဖောက်ပွဲတော်လည်း ကျင်းပလျက်ရှိသည်။

ယခုနောက်ဆုံး မီးလောင်ပေါက်ကွဲမှုသည် ဇူလိုင် ၅ ရက် ဒေသစံတော်ချိန် ည ကိုးနာရီခွဲခန့်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ မီးရှူးမီးပန်းဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှုကြောင့် စက်ရုံလေးရုံထက်မနည်း မီးသင့်ပျက်စီးသွားကြောင်း သိရသည်။ မီးရှူးမီးပန်း မတော်တဆမီးလောင်ပေါက်ကွဲမှုများသည် မက္ကစီကိုတွင် တာပက်မြို့၌သာမဟုတ်။ အခြားမြို့များ၌လည်း အကြီးစား ဖြစ်ပွားခဲ့ဖူးသည့် သာဓကများလည်း ရှိသည်။

ဆန်ပါဘလစ်တိုမြို့တွင် ၂၀ဝ၅ ခုနှစ် စက်တင်ဘာလက လွတ်လပ်ရေးနေ့မတိုင်မီ ဈေးအတွင်း မီးရှူးမီးပန်းများ မီးလောင်ပေါက်ကွဲမှုကြောင့် လူဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင်လည်း ထိုဈေးအတွင်း အလားတူ မီးရှူးမီးပန်းများ မီးလောင်ပေါက်ကွဲသဖြင့် ဈေးတစိတ်တပိုင်း မီးလောင်ပျက်စီးခဲ့သည်။ နောက်ထပ် ဈေးတစ်ဈေးအတွင်း၌လည်း ၂၀၁၆ ဒီဇင်ဘာက မီးရှူးမီးပန်းမီးလောင်ပေါက်ကွဲမှုများကြောင့် ၄၂ ဦးသေဆုံးကာ ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။