တရုတ်သွင်းကုန်များအပေါ် အမေရိကန်အခွန်တိုးကောက်မှု စတင်သက်ရောက်၊ လက်တုံ့ပြန်မည်ဟုတရုတ်သတိပေး

တရုတ်သွင်းကုန်များအပေါ် အမေရိကန်အခွန်တိုးကောက်မှု စတင်သက်ရောက်၊ လက်တုံ့ပြန်မည်ဟုတရုတ်သတိပေး

အမေရိကန်ပြည်ထောင်စုက တရုတ်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမှု ဇူလိုင် ၆ ရက်၌ စတင် သက်ရောက်ခဲ့ပြီး ယင်းကို မဖြစ်မနေလက်တုံ့ပြန်တိုက်ခိုက်မည်ဖြစ်ကြောင်း တရုတ်က ထပ်မံသတိပေးလိုက်သည်။

အမေရိကန်သည် ဒေါ်လာ ၃၄ ဘီလီယံတန်ကြေးရှိ တရုတ်သွင်းကုန်များအပေါ် အခွန်တိုးကောက်မှုကို အရှေ့တိုင်း စံတော်ချိန် ဇူလိုင် ၆ ရက်နံနက်မှ စတင်လိုက်ခြင်းဖြင့် အခွန်တိုးမြှင့်ကောက်ခံမှုခြေလှမ်း တစ်ဆင့်တိုးလိုက်ခြင်းဖြစ်သည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မဖြစ်မနေတန်ပြန်တိုက်ခိုက်ရန် ဖိအားပေးခံရပြီဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေ။ စောစောပိုင်းကမူ တရုတ်အစိုးရ ပဲပိစပ်၊ လျှပ်စစ်ကားနှင့် ဝီစကီကဲ့သို့ အမေရိကန်ထုတ်ကုန်များအပေါ် ပစ်မှတ်ထား လက်စားချေအခွန်တိုးကောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်သည် ဇူလိုင် ၅ ရက်က စာနယ်ဇင်းသမားများနှင့်အတူ မွန်တားနားတွင် ပြုလုပ်သည့် လူထုစည်းဝေးပွဲတစ်ခုသို့ လေကြောင်းမှ သွားရောက်၍ ကုန်သွယ်ရေးစစ်ပွဲအရေး ဆွေးနွေးခဲ့သည်။ လာမည့်နှစ်ပတ်အတွင်း နောက်ထပ် တရုတ်ကုန်စည် ဒေါ်လာ ၁၆ ဘီလီယံဘိုးအပေါ် အခွန်နှုန်းသစ် စည်းကြပ်မှု သက်ရောက်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။

သမ္မတထရမ့်က နောက်ထပ် တရုတ်သွင်းကုန် ဒေါ်လာ ဘီလီယံ ၂၀ဝ ဘိုးကို ပစ်မှတ်ထားအခွန်တိုးကောက်ရန် အသင့်ဖြစ်နေကြောင်း၊ အကယ်၍ တရုတ်အနေဖြင့် အမေရိကန်တောင်းဆိုမှုများကိုအလျှော့မပေးဘဲ ဆက်လက်၍ လက်စားချေမည်ဆိုပါက နောက်ထပ် တရုတ်ကုန်စည် ဒေါ်လာ ဘီလီယံ ၃၀ဝ ဘိုးကိုလည်း ပစ်မှတ်ထားသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းကြောင့် စုစုပေါင်းတရုတ်ကုန်စည် ဒေါ်လာ ဘီလီယံ ၅၅၀ ဘိုးအထိ ပစ်မှတ်ထားအရေးယူခံရနိုင်ခြေရှိသည်။ တရုတ်က အမေရိကန်သို့ ယမန်နှစ်ကတင်ပို့ခဲ့သည့် ကုန်စည်တန်ဘိုးမှာ ဒေါ်လာ ၅၀၆ ဘီလီယံမျှဖြစ်သည်။ ထရမ့်အစိုးရသည် လူဆိုးဂိုဏ်းသဖွယ်ပြုမူနေပြီး ယင်းကိုအခြားနိုင်ငံများက မရပ်တန့်လျှင် ကမ္ဘာ့စီးပွားရေး ပျက်စီးနိုင်ကြောင်း၊ တရုတ်အစိုးရအနေဖြင့် ဖြေရှင်းနိုင်မည်ကို သံသယကင်းကြောင်း ချိုင်းနားဒေးလီးသတင်းစာက ရေးသားခဲ့သည်။