လိင်ပိုင်းအကြမ်းဖက်မှုကြောင့် ဖျက်သိမ်းရန် တောင်းဆိုခဲ့သော်လည်း စပိန်မြောက်ပိုင်း၌ နာမည်ကျော် နွားရိုင်းသတ်ပွဲကို ကျင်းပခဲ့

လိင်ပိုင်းအကြမ်းဖက်မှုကြောင့် ဖျက်သိမ်းရန် တောင်းဆိုခဲ့သော်လည်း စပိန်မြောက်ပိုင်း၌ နာမည်ကျော် နွားရိုင်းသတ်ပွဲကို ကျင်းပခဲ့

လိင်ပိုင်းအကြမ်းဖက်မှုကြောင့် ဖျက်သိမ်းရန် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သော်လည်း စပိန်နိုင်ငံမြောက်ပိုင်း၌ ဇူလိုင် ၆ ရက်တွင် နာမည်ကျော် ဆန်ဖာမင်နွားရိုင်းသတ်ပွဲကို စတင်ကျင်းပခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ပွဲတော်တွင် အမျိုးသားငါးဦးက အမျိုးသမီတစ်ဦးကို အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်မှုဖြစ်ပွားခဲ့သည်။ ယင်းအမျိုးသားများအား သာမန်ပြစ်ဒဏ်သာချမှတ်ခဲ့မှုကို မကျေနပ်သည့်အတွက် ယခုနှစ် ဧပြီတွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ပွဲတော်ဖွင့်ပွဲနေ့တွင် အစဉ်အလာဝတ်ဆင်နေကျ အဖြူနှင့်အနီရောင်များကို ဝတ်ဆင်ခြင်းမပြုဘဲ အနက်ရောင်များကိုသာဝတ်ဆင်ပြီး ဆန့်ကျင်ဆန္ဒပြရန် အမျိုးသမီးအရေးလှုပ်ရှားသည့်အဖွဲ့များက တောင်းဆိုခဲ့သည်။ ပွဲတော်ကို လုံးဝသပိတ်မှောက်ရန်လည်း အခြားအဖွဲ့များက တောင်းဆိုခဲ့သည်။

သို့သော် ပွဲတော်ကျင်းပသည့် ပမ်ပလိုနာအရပ်ရှိ ဒေသခံအမျိုးသမီးများအရေးလှုပ်ရှားသူများကမူ ဆန္ဒပြရန် တိုက်တွန်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ ရိုးရာပွဲတော်ကို လေးစားရန်လိုအပ်ပြီး ဒေသခံများကို တိုင်ပင်ခြင်းမပြုဘဲ ဆန္ဒပြရန်စီစဉ်ခြင်းနှင့် ရည်ရွယ်ချက်တိတိကျကျမရှိဘဲ စီစဉ်ခြင်းတို့ကို ဆန့်ကျင်ကြောင်း ဒေသခံများကပြောဆိုခဲ့သည်။

ပွဲတော်တက်ရောက်သည့် အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် အမျိုးသားငါးဦးတို့အား ထောင်ဒဏ်ကိုးနှစ်ချမှတ်ခဲ့ပြီးဖြစ်သည်။ သို့သော် ယင်းအမျိုးသားများအား မကြာသေးမီတွင် အာမခံဖြင့် ပြန်လွှတ်ခဲ့သောကြောင့် ၎င်းတို့သည် ယခုနှစ်ပွဲတော်ကို တက်ရောက်ဖွယ်ရှိနေသည်။

ပွဲတော်အတွင်း နွားရိုင်းများကို သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍လည်း တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများကလည်း ဆန္ဒပြခဲ့ကြသည်။ လိင်ပိုင်းအနိုင်ကျင့်မှုသည် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော်လည်း တရားရုံးသည် လွန်ခဲ့သော လအနည်းငယ်မှသာ စီရင်ချက်ချမှတ်နိုင်ခဲ့သည်။

အမျိုးသားငါးဦးသည် လိင်ပိုင်းအနိုင်ကျင့်ပုံကို ရိုက်ကူးထားသည့် ဗီဒီယိုများကို အွန်လိုင်းချိတ်ဆက်စကားပြောမှုတွင် ဝေမျှခဲ့သည်။ ချိတ်ဆက်စကားပြောမှုကို ဝံပုလွေအုပ်ဟု ခေါ်ဆိုထားသဖြင့်ယခုအမှုကိုလည်း ဝံပုလွေအုပ်အဖြစ် သိများခဲ့သည်။ အမျိုးသားများက အမျိုးသမီးက ခွင့်ပြုသောကြောင့်သာ လိင်ဆက်ဆံခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အမျိုးသမီးသည် ဖြစ်စဉ်အတွင်း မျက်လုံးကိုမှိတ်ထားပြီး တစ်စုံတရာရုန်းကန်ခြင်းမရှိကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ စပိန်တရားရုံးက အမျိုးသားများသည် လိင်ပိုင်းအနိုင်ကျင့်မှုမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာမဖွယ်မရာလုပ်မှုသာကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ နွားရိုင်းသတ်ပွဲကို ဇူလိုင် ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။