တိုကျိုမြေအောက်ရထား၌ ဆာရင်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်ခဲ့သူ ဂျပန်အစွန်းရောက်ဂိုဏ်းအုပ်စုဝင်များ သေဒဏ်စီရင်လိုက်ပြီ

တိုကျိုမြေအောက်ရထား၌ ဆာရင်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်ခဲ့သူ ဂျပန်အစွန်းရောက်ဂိုဏ်းအုပ်စုဝင်များ သေဒဏ်စီရင်လိုက်ပြီ

ဂျပန်နိုင်ငံ တိုကျိုမြေအောက်ဘူတာရုံတွင် ၁၉၉၅ ခုနှစ်က ဆာရင်အဆိပ်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်ခဲ့သည့် အုမ် ရှင်န်ရီကျို အစွန်းရောက်ဘာသာရေးဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင် ရှိုကို အဆာဟာရာအပါအဝင် ဂိုဏ်းဝင် ၇ ဦးကို သေဒဏ် စီရင်လိုက်ပြီဖြစ်သည်။

ယခုထိ ဂျပန်၌အဆိုးရွားဆုံးအကြမ်းဖက်မှုဖြစ်သည့် ဆာရင်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်မှုကြောင့် ၁၃ ဦးသေဆုံးပြီး ၆၀ဝ၀ ခန့် ဖျားနာခဲ့သည်။ ယင်းပြစ်မှုကိုကျူးလွန်ခဲ့သည့် အဆာဟာရာအပါအဝင် ၇ ဦးကို တိုကျို အကျဉ်းထောင်တစ်ခု၌ ဇူလိုင် ၆ ရက်မနက်က ကြိုးပေးကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံထားရသည့် အခြားဂိုဏ်းဝင် ၆ ဦး ကျန်ရှိနေဆဲဖြစ်သည်။

အဆာဟာရာခေါင်းဆောင်သည့် အုမ် ရှင်န်ရီကျိုဂိုဏ်းသည် ကမ္ဘာပျက်သုဉ်းတော့မည်ဟု ယုံကြည်သူများဖြစ်ပြီး ဆာရင်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်မှုမတိုင်မီ ၁၉၉၄ ကပင် လူသတ်မှုများစွာ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ ၁၉၉၅ မတ် ၂၀ တွင် တိုကျိုမြေအောက်ဘူတာရုံတစ်ခု၌ ၄င်းဂိုဏ်းဝင်များက နာ့ဗ်ကြောထိခိုက်စေသည့် ဆာရင်ဓာတ်ငွေ့ကိုထုတ်လွှတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်နောက်လများတွင်လည်း ၄င်းဂိုဏ်းဝင်များသည် ဘူတာရုံများတွင် ဟိုက်ဒြိုဂျင် ဆိုင်ယာနိုက်များထုတ်လွှတ်ရန် ကြိုးပမ်းသော်လည်း အရေးနိမ့်ခဲ့သည်။

၁၉၉၅ မတ်လတွင် ဆာရင်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် မေလတွင် ဂျပန်ရဲတပ်ဖွဲ့က အုမ် ရှင်န်ရီကျိုဂိုဏ်း ဌာနချုပ်ကို ဝင်ရောက်စီးနင်းကာ အဆာဟာရာနှင့် ထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၁၉၅၅ ၌ မွေးဖွားခဲ့သည့် အဆာဟာရသည် အုမ် ရှင်န်ရီကျိုဂိုဏ်းကို ၁၉၈၀ ပြည့်လွန်နှစ်များတွင် ထူထောင်ခဲ့ပြီး ခေတ်သစ်စက်မှု လုပ်ငန်းဖြင့် ဘဝရှင်သန်ရမှုကို ငြီးငွေ့နေသူလူငယ်များအား ဆွဲဆောင်ခဲ့သည်။ ၄င်း၏ ကမ္ဘာပျက်တော့မည့် အယူဝါဒကို ဘာသာရေးအယူအဆအချို့ဖြင့် ရောမွှေထားခြင်းဖြစ်သည်။

၄င်းရွေးချယ်စည်းရုံးခဲ့သူများတွင် ဆရာဝန်များ၊ ရှေ့နေများနှင့် သိပ္ပံပညာရှင်များပင် ပါဝင်ခဲ့ပြီး လှူဒါန်းငွေများ၊ ယောဂသင်တန်းပေးခြင်း၊ ကျန်းမာရေးသစ်သီးဝလံထုတ်လုပ်ရောင်းချခြင်းတို့တို့မှ ဝင်ငွေများတို့ဖြင့် ရပ်တည်ခဲ့သည်။