အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာခန်းပြည်နယ် မြို့တော် ရန်ချီရီရှိ အသက် ၁၄ လသားအရွယ် ကလေးငယ်တစ်ဦးကို ရောင်းချခဲ့မှုဖြင့် မာသာထရီဆာပရဟိတဂေဟာမှ အမျိုးသမီးတစ်ဦး အဖမ်းခံခဲ့ရသည်။
ဂေဟာမှ အခြားဝန်ထမ်း အမျိုးသမီးနှစ်ဦးကိုလည်း ကလေးငယ်များ ရောင်းစားမှုသံသယဖြင့် ဖမ်းဆီးထားသည်။ ပြည်နယ်ရှိ ကလေးသူငယ်စောင့်ရှောက်ရေးကော်မတီ( စီဒဗလျူစီ) က တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဂေဟာသည် ကလေးငယ်များစွာတို့အား တရားမဝင်ရောင်းစားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကလေးငယ်များ၏မိခင်အမည်များကိုလည်း ရရှိထားပြီးဖြစ်ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်။
ဂေဟာမှာလည်း ရူပီး ၁၄၀ဝ၀ဝ( ဒေါ်လာ ၂၁၅၀ )ကိုလည်း သိမ်းဆည်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ နိုဘယ်လ်ဆုရှင် မာသာထရီဆာသည် ပရဟိတဂေဟာကို ၁၉၅၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ မာသာထရီဆာသည် ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
မာသာထရီဆာတည်ထောင်ခဲ့သည့် သာသနာပြုပရဟိတအဖွဲ့ဝင် သီလရှင်ဦးရေသည် ကမ္ဘာတစ်ဝန်း ၃၀ဝ၀ ကျော်ရှိနေသည်။ မာသာထရီဆာသည် သူနာပြုရုံများ၊ အစားအစာအခမဲ့ဝေငှသည့် နေရာများ၊ စာသင်ကျောင်းများ၊ အနာကြီးရောဂါသည်ခိုလှုံရေးဌာနများနှင့် စွန့်ပစ်ခံကလေးငယ်များအတွက် ဂေဟာများကို တည်ထောင်ခဲ့သည်။ ပရဟိတဂေဟာသည် အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရှိလာသည့် အမျိုးသမီးများကိုလည်း အကူအညီပေးနေသည်။
မွေးခါစကလေးငယ်တစ်ဦးကို ဥတ္တရာပရာဒေ့ရှ်ပြည်နယ်ရှိ စုံတွဲနှစ်ဦးအား ရူပီး ၁၂၀ဝ၀ဝ ဖြင့် ရောင်းချခဲ့မှုကို စုံစမ်းစစ်ဆေးနေကြောင်း စီဒဗလျူစီဥက္ကဋ္ဌ ရူပါကုမာရီက ပြောဆိုခဲ့သည်။ ဆေးရုံအသုံးစရိတ်များအတွက် ငွေတောင်းခြင်းသာဖြစ်ကြောင်း စုံတွဲကပြောဆိုခဲ့သည်။
ပရဟိတဂေဟာသို့ မတ် ၁၉ ရက်တွင် ရောက်ရှိခဲ့သည့် အမျိုးသမီးငယ်တစ်ဦးက အဆိုပါ ယောကျာ်းလေးကို မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်ကို စုံတွဲအား မေ ၁၄ ရက်တွင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ကုမာရီကပြောဆိုခဲ့သည်။
အခြားမြို့များတွင်လည်း ကလေးများကို ရူပီး ၅၀ဝ၀ဝ မှ ၇၀ဝ၀ဝ ကြားဈေးဖြင့် ရောင်းချမှုများရှိခဲ့ကြောင်း ကော်မတီက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ၎င်းကပြောဆိုခဲ့သည်။ ။ စီဒဗလျူစီသည် ရန်ချီရှိ ပရဟိတဂေဟာတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၃ ဦးတို့အား အခြားစောင့်ရှောက်ရေးဂေဟာများသို့ ပြောဆိုခဲ့သည်။

















