တရုတ်ခရီးသည်များပါသည့်သင်္ဘောတစ်စီး ဖူးခက်၌နစ်မြုပ် ၁၀ ဦး ထက်မနည်းသေဆုံး၊ ၄၅ ဦးပျောက်ဆုံးနေ

တရုတ်ခရီးသည်များပါသည့်သင်္ဘောတစ်စီး ဖူးခက်၌နစ်မြုပ် ၁၀ ဦး ထက်မနည်းသေဆုံး၊ ၄၅ ဦးပျောက်ဆုံးနေ

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းအပန်းခြေစခန်းအနီးတွင် တရုတ်ကမ္ဘာလှည့်ခရီးသည်အများ လိုက်ပါလာသည့် သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ရာ ဇူလိုင် ၆ ရက်အထိ  ၁၀ ဦးထက်မနည်း သေဆုံးပြီး ၄၅ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဆယ်ယူရရှိသည့် တရုတ်ခရီးသည်အလောင်းများကို ဖူးခက်သို့သယ်ဆောင်ခဲ့သည်။ အလောင်းအချို့ကို သင်္ဘောပျက်အတွင်းမှ ရေငုပ်သမားများက ဆယ်ယူခဲ့ခြင်းဖြစ်ပြီး အချို့မှာ ရေစီးနှင့်မျောပါသွားကြောင်း ထိုင်းရေတပ် ပြောခွင့်ရပုဂ္ဂိုလ် နာရောင်းအူရာဘာက်ဒီက ပြောဆိုသည်။

ကမ္ဘာလှည့်ခရီးသွား ၉၃ ဦးအပါအဝင် ခရီးသည် ၁၀၅ ဦး၊ သင်္ဘောဝန်ထမ်း ၁၁ ဦးနှင့် ဧည့်လမ်းညွန်တစ်ဦး သယ်ဆောင်လာသည့်သင်္ဘောသည် ဇူလိုင် ၅ ရက်ညနေပိုင်းက ၅ မီတာ(၁၆ ပေ)မြင့်သည့် လှိုင်းများကြောင့် လဲကျသွားခဲ့ရာမှ ယင်းနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၅ ရက်မှာပင် ဖူးခက်အနီးတွင် နောက်ထပ်သင်္ဘောတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယင်းသင်္ဘောပါ ၄၂ ဦးလုံးကို ကယ်တင်နိင်ခဲ့သည်။

ထိုင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ် ဂျင်ရီလင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ထိုင်းနိုင်ငံသို့ လာရောက်နေကြောင်း ပြောဆိုခဲ့သည်။ ဖူးခက်အာဏာပိုင်များက ဇူလိုင် ၁၀ ရက်အထိ မိုးသည်းလေထန်နေမှုအပါအဝင် ရာသီဥတုဆိုးရွားဦးမည် ဖြစ်ကြောင်း သတိပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။ အေဂျင်စီအားလုံးက ရှာဖွေကယ်ဆယ်ရေးတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လေပြင်းများတိုက်ခတ်နေဆဲဖြစ်ကြောင်း ဖူးခက်မြို့တော်ဝန် နိုရာဖက်ပလက်သောင်က ပြောဆိုသည်။

ဇူလိုင် ၅ ရက်နှောင်းပိုင်းတွင် ရာသီဥတုအခြေအနေကြောင့် ခရီးသည် ၂၆၃ ဦးပါ လှေ ၁၂ စီးကို ရာချာကျွန်းတွင် မဖြစ်မနေ ဆိုက်ကပ်စေခဲ့ရကြောင်း ပီဘီအက်စ်ရုပ်သံက ထုတ်လွှင်ခဲ့သည်။