ထိုင်းဂူတွင်းကယ်ဆယ်ရေး၌ ရေငုပ်သမားတစ်ဦးသေဆုံးပြီးနောက် ရာသီဥတုဆိုးရွားမှု အောက်ဆီဂျင်နည်းပါးလာမှုတို့ဖြင့် တိုက်ပွဲဝင်နေ

ထိုင်းဂူတွင်းကယ်ဆယ်ရေး၌ ရေငုပ်သမားတစ်ဦးသေဆုံးပြီးနောက် ရာသီဥတုဆိုးရွားမှု အောက်ဆီဂျင်နည်းပါးလာမှုတို့ဖြင့် တိုက်ပွဲဝင်နေ

ထိုင်းမြောက်ပိုင်းရှိ ထမ့်လွမ်ဂူတွင်း ပိတ်မိနေသည့် ထိုင်းကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ ဘောလုံးနည်းပြကို ကယ်ဆယ်ရန် ကြိုးပမ်းနေသည့် ထိုင်းအာဏာပိုင်တို့သည် ရေငုပ်သမားတစ်ဦးသေဆုံးရပြီးနောက် ရာသီဥတုကြောင့် ဂူတွင်းရေလွှမ်းမိုးမှုနှင့် အောက်ဆီဂျင်နည်းပါးလာမှုတို့ဖြင့် တိုက်ပွဲဝင်နေရသည်။

 

 

 

ဇူလိုင် ၆ ရက်မနက်စောစောပိုင်းတွင် ဂူတွင်းကယ်ဆယ်ရေး၌ပါဝင်သူ ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင်ဟောင်း စမန်ခူနန်လဲကျပြီး သေဆုံးသွားခဲ့သည်။ ရာသီဥတုအခြေအနေနှင့် ဂူတွင်းအောက်ဆီဂျင်နည်းပါးလာမှုတို့က လူငယ်များကို ဂူတွင်းမှကယ်ထုတ်ရန် အချိန်အကန့်အသတ် ဖြစ်လာစေကြောင်း ကယ်ဆယ်ရေးကြီးကြပ်သည့် အာဏာပိုင်များက ပြောဆိုခဲ့သည်။

အရာအားလုံးအသင့်ဖြစ်မည့် အခြေအနေရရှိရန် ဆက်လက်မစောင့်စားနိုင်တော့ကြောင်း၊ အခြေအနေအရပ်ရပ်က မိမိတို့ကို ဖိအားပေးနေပြီဖြစ်ကြောင်း ထိုင်းရေတပ်အထူးအဖွဲ့တပ်မှူး အာပါခွန် ယိုးခွန်ခေါ်က ပြောဆိုသည်။ မူလက ကလေးများသည် ဂူတွင်းတွင် ဘေးကင်းစွာဖြင့် အချိန်အတိုင်းအတာတစ်ခု နေထိုင်နိုင်မည်ဟု ထင်ခဲ့သော်လည်း အခြေအနေအရပ်ရပ်က ပြောင်းလဲသွားကြောင်း၊ အချိန်အကန့်အသတ် ရှိနေပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဂူတွင်း၌ လုပ်ကိုင်သူများပြားလာသည်နှင့်အမျှ အောက်ဆီဂျင်ရရှိမှုအဆင့်သည် နိမ့်ကျလာနေကြောင်း၊ အာဏာပိုင်များသည် ဂူတွင်းရေငုပ်သမားများ အသုံးပြုရန်အပါအဝင် လိုအပ်သည့်အောက်ဆီဂျင်များရရှိရန် အထူးကြိုးပမ်းနေရကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး နာရွန်ဆက် အိုဆက်နာခွန်က ဇူလိုင် ၅ ရက်က ပြောဆိုခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းကို လက်ရှိ ဖိအားအပေးဆုံးကိစ္စမှာ နေဗွီဆီးလ်စစ်သည်လေးဦးက အနီးကပ် စောင့်ရှောက်ပေးနေသည့် ကျောင်းသားငယ်များထံ အောက်ဆီဂျင်လိုင်း ရောက်ရှိ ပံ့ပိုးနိုင်ရေးဖြစ်ကြောင်း ထိုင်းကြည်းတပ်ဗိုလ်ချုပ် ချာလွန်ချိုင်း ချာရာခမ်က ပြောဆိုသည်။ ယင်းအောက်ဆီဂျင်ပိုက်လိုင်းသည် တယ်လီဖုန်းကြိုးလိုင်းနှင့် ချိတ်ဆက်ပံ့ပိုးမည်ဟုလည်းဆိုသည်။

လာမည့်ရက်များအတွင်း မုန်တိုင်းနှင့်မုတ်သုန်မိုးများ ထပ်မံလာရောက်ခြင်းမပြုမီ ဂူတွင်းမှရေများကို ရေစုပ်စက်များဖြင့် စုပ်ထုတ်နေကြသည်။ အတွေ့အကြုံရင့်ကြက်သူများအတွက်ပင် အလွန် အန္တရာယ်များပြားကြောင်း ဂူတွင်းကယ်ဆယ်ရေးကျွမ်းကျင်သူများက သတိပေးထားသည့် ရေငုပ်၍ ဂူတွင်းမှ ထွက်ခွာလွတ်မြောက်စေခြင်း နည်းလမ်းသာ ယခုအခါတွင် ရွေးချယ်စရာ ရှိနေသကဲ့သို့ဖြစ်သည်။ ဇူလိုင် ၆ ရက်က နေဗွီဆီးလ်စစ်သည်ဟောင်း သေဆုံးမှုသည် ယင်းအန္တရာယ်ကြီးမားမှုကို မီးမောင်းထိုးပြရာရောက်ခဲ့သည်။ စေတနာ့ဝန်ထမ်း ရေငုပ်သမားတစ်ဦးဖြစ်သူ အသက် ၃၈ နှစ်ရှိ ယင်းစစ်သည်ဟောင်းသည် အခြားရေငုပ်သမားများ အသုံးပြုရန် သတ်မှတ်နေရာများသို့ အောက်ဆီဂျင်ဗူးများပို့ဆောင်ရန် ညလုံးပေါက်ရေငုပ်ခဲ့ရပြီးနောက် မနက်စောစောတွင် လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းအောက်ဆီဂျင်ဗူးများကို အသုံးပြု၍ ရေငုပ်သမားများသည် ပိတ်မိနေသည့်နေရာသို့ ငါးနာရီကြာ ရေငုပ်သွားလာရသည်။ လူငယ်များသည် အားနည်းနေကြသော်လည်း အများစုသည် ကျန်းမာကြ၍ ၄င်းတို့အခြေအနေအရ ၁၃ ဦးစလုံးကို တစ်ချိန်တည်း ခေါ်ထုတ်နိုင်မည်မဟုတ်ကြောင်း၊ ရေငုပ်မျက်နှာဖုံးများဝတ်ဆင်၍ အသက်ရှူလေ့ကျင့်ခြင်း ပြုလုပ်နေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ဇူလိုင် ၇ ရက်(ယနေ့)တွင် မိုးသည်းထန်စွာရွာမည်ဖြစ်၍ ဂူတွင်းရေမျက်နှာပြင် မြင့်တက်လာမည်မှာ သေချာလုနီးဖြစ်ပြီး ကျောင်းသားငယ်များကို ထိုင်းအရာရှိအချို့က အမြန်ဆုံးကယ်ထုတ်လိုကြသည်။ သို့သော် ကျွမ်းကျင် ရေငုပ်သမားတစ်ဦးသေဆုံးခဲ့ခြင်းကပင် ရေငုပ်ထွက်သည့်နည်းလမ်း၏ အန္တရာယ်များပြားမှုကို သက်သေပြရာရောက်ခဲ့ပြီး ဂူတွင်း၌ မိုးရာသီကုန်သည့်တိုင်အောင် စောင့်စားပါကလည်း အောက်ဆီဂျင်နည်းပါးမည့်အန္တရာယ်နှင့်ပါ ရင်ဆိုင်ရနိုင်၍ ထိုင်းအာဏာပိုင်များ နည်းလမ်းရွေးချယ်ရခက်ခဲနေဆဲဖြစ်သည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်ရွယ် ကျောင်းသား ၁၂ ဦးနှင့် ၄င်းတို့၏ဘောလုံးနည်းပြ အသက် ၂၅ နှစ်ရွယ် လူငယ်တို့သည် ဇွန် ၂၃ ရက်ကတည်းက ထမ့်လွမ်ဂူတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဂူတွင်းရေကြီးရေလျှံမှုကြောင့် အတွင်းရှိ အမြင့်ပိုင်းသို့တိုးဝင်လျက် ပိတ်မိနေခြဲ့ခင်းဖြစ်သည်။ ၄င်းတို့ကို ကယ်ဆယ်ရေးအဖွဲ့က ဇူလိုင် ၂ ရက်၌ ရှာဖွေတွေ့ရှိခဲ့သော်လည်း ဂူတွင်းမှ ဘေးကင်းစွာ ကယ်ထုတ်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။