ပို့အော့ပရင့်စ် ဇူလိုင် ၇
ဟေတီအစိုးရက လောင်စာဈေးနှုန်းများတိုးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် မြို့တော် ပို့အော့ပရင့်စ်နှင့် နိုင်ငံမြောက်ပိုင်းရှိ ကပ်ဟေရှန်းမြို့တို့၌ ဇူလိုင် ၆ ရက်တွင် ဆန္ဒပြမှုကြီးများ ဖြစ်ပွားခဲ့သည်။
ဆန္ဒပြမှုများအတွင်း လူသုံးဦးထက်မနည်းသေဆုံးခဲ့သည်။ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ဆုံခဲ့သည့် ဒယ်လ်မာစ်ရပ်ကွက်တွင် ပစ်သတ်ခံရမှုကြောင့် သေဆုံးနေသူနှစ်ဦး၏ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဂျာနယ်လစ်များက ပြောဆိုခဲ့သည်။ မည်သူက ပစ်ခတ်ခဲ့သည်ကို မသိရှိရသေးချေ။
တတိယမြောက်သေဆုံးသူမှာ နိုင်ငံရေးသမားတစ်ဦး၏ လုံခြုံရေးတစ်ဦးဖြစ်သည်။ လုံခြုံရေးဝန်ထမ်းသည် ယာဉ်ထဲမှ ထွက်ပြီး ဆန္ဒပြသူများ လူစုခွဲရန် လေထဲသို့ သေနတ်ပစ်ဖောက်ခဲ့သည်။ ဆန္ဒပြနေသည့် လူအုပ်ကြီးသည် လုံခြုံရေးဝန်ထမ်းများကို ဝိုင်းဝန်းဖမ်းချုပ်ပြီး ရိုက်နှက်ကာ မီးတင်ရှို့ခဲ့သည်။
ဆန္ဒပြသူများသည် ဓာတ်ငွေ့ဆိုင်တစ်ဆိုင်ကို မီးတင်ရှို့ နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက တားဆီးနိ်ုင်ခဲ့သည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဆီဈေးနှုန်းကို ၃၈ ရာခိုင်နှုန်းမှ ၅၁ ရာခိုင်နှုန်းသို့တိုးမြှင့်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ခဲ့ပြီးနောက် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အကူအညီပေးရေးသဘောတူညီမှုအရ ဟေတီအာဏာပိုင်များသည် လောင်စာရောင်းဈေးကို လျှော့ချပေးနေခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ လူမှုဖူလုံရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍအတွက်ပိုုမိုသုံးစွဲရန်အချက်များလည်း သဘောတူညီမှုတွင်ပါဝင်ခဲ့သည်။
ဒီဇယ်တစ်လီတာလျှင် လေးဒေါ်လာနှင့် ဓာတ်ငွေ့တစ်လီတာလျှင် ငါးဒေါ်လာခန့်ကျသင့်မည်ဖြစ်သည်။ ဟေတီစုစုပေါင်းလူဦးရေအနက် ၈၀ ရာခိ်ုင်နှုန်းသည် တစ်ရက်လျှင် နှစ်ဒေါ်လာအောက်သာဝင်ငွေရှိသောကြောင့် လောင်စာဈေးနှုန်းမြင့်တက်မှုကြောင့် ပိုမိုအကျပ်တွေ့လာမည်ဖြစ်သည်။

















