သမ္မတဒုတိယသက်တမ်းတာဝန်ထမ်းဆောင်မည်မဟုတ်ကြောင်း ဒူတာတေးပြောဆို

သမ္မတဒုတိယသက်တမ်းတာဝန်ထမ်းဆောင်မည်မဟုတ်ကြောင်း ဒူတာတေးပြောဆို

မနီလာ ဇူလိုင် ၇
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ သမ္မတဒုတိယသက်တမ်းတာဝန်ထမ်းဆောင်မည်မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက ဇူလိုင် ၆ ရက်တွင် ပြောဆိုခဲ့သည်။

၁၉၈၇ ခုနှစ်တွင်ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့ဝင် ၂၂ ဦးပါဝင်သော အထူးအဖွဲ့က သုံးသပ်နေပြီး ဇူလိုင် ၉ ရက်တွင် ဒူတာတေးထံသို့ တင်ပြမည်ဖြစ်သည်။ ကွန်ဂရက်စ်ကလည်း အဆိုပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်ပတ်သက်၍ ယခုလအတွင်း ဆွေးနွေးမည်ဖြစ်ကာ လာမည့်နှစ်တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမည်ဖြစ်သည်။
    ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် သမ္မတတစ်ဦးအား သက်တမ်းတစ်ကြိမ်သာထမ်းဆောင်ခွင့်ပေးထားခြင်းကို ဖျက်သိမ်းလိမ့်မည်ဟု အများပြည်သူက ယူဆခဲ့သော်လည်း ဒူတာတေးက ၎င်းသည် ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့မှုကြောင့် စိုးရိမ်မှုများပြေပျောက်သွားနိုင်သည်။
    ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရောက်ပြီဆိုသည်နှင့် ၎င်း၏သမ္မတသက်တမ်းလည်း ကုန်ဆုံးသွားလိမ့်မည်ဖြစ်ကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။ ဒါကြောင့် ပြင်ဆင်ဖြည့်စွက်တာတွေအခုလုပ်ပါ၊ ကျွန်တော် နုတ်ထွက်အောင် ဒါမှမဟုတ် ပြုတ်ကျအောင် လုပ်ကြစမ်းပါ ဟု ၎င်းကပြောဆိုခဲ့သည်။
    ထို့ပြင် ထာဝရဘုရားသခင် ရှိကြောင်း သက်သေပြနိုင်ပါက သမ္မတအဖြစ်မှနုတ်ထွက်မည်ဖြစ်ကြောင်း ဒူတာတေးက ဇူလိုင် ၆ ရက် အနှောင်းပိုင်းတွင် မိန့်ခွန်းပြောဆိုရင်း ထည့်သွင်းပြောဆိုခဲ့သည်။ ဖိလစ်ပိုင်သည် ရိုမန်ကက်သလစ်ဘာသာဝင်အများစုနေထိုင်သော နိုင်ငံဖြစ်သည်။ 
    ထို့ပြင် အာဒမ်နှင့်ဧဝတို့ ကျူးလွန်ဖောက်ဖျက်မှု၏အကျိုးဆက်ကို လူသားများခံစားရသည်ဆိုသည့် ယူဆချက်ကြောင့် မွေးခါစ အပြစ်မရှိသော ကလေးငယ်များပင် ထိခိုက်နစ်နာရကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။ 
    ထာဝရဘုရားသခင်၏ ဓာတ်ပုံကိုပင် ပြနိုင်လျှင်ပင် သမ္မတရာထူးမှ ချက်ချင်းနုတ်ထွက်မည်ဖြစ်ကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။ လွန်ခဲ့သောအပတ်တွင် ဒူတာတေးသည် ထာဝရဘုရားသခင်ကို ရူးမိုက်သူအဖြစ်ပြောဆိုခဲ့ပြီး ကက်သလစ်ဘုန်ကြီးတစ်ပါးကလည်း ဒူတာတေးသည် စိတ်ဝေဒနာရှင်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။