တိုကျို ဇူလိုင် ၇
ဂျပန်နိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှုကြောင့် ဇူလိုင် ၇ ရက်အထိ လူ ၁၅ ဦးသေဆုံးပြီး ၄၅ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန အင်န်အိပ်ချ်ကေက ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လူ ၁ ဒသမ ၆ သန်းတို့အား နေအိမ်များမှ အရေးပေါ် နေရာရွှေ့ပြောင်းပေးခဲ့ရသည်။ ဂျပန်နိုင်ငံရှိ အဓိကကျွန်းတစ်ကျွန်းဖြစ်သော ဟွန်းရှူးကျွန်းအနောက်ပိုင်းရှိ စီရင်စုလေးခု၌ ရာသီဥတုဆိုင်ရာသတိပေးချက်များကို ဂျပန်မိုးလေဝသဌာနက ထုတြ်ပန်ထားသည်။ မြေပြိုခြင်း၊ မြစ်ရေလျှံခြင်းနှင့် လေတိုက်နှုန်းမြင့်မားခြင်းတို့ရှိနိ်ုင်ကြောင်း ဌာနက သတိပေးထားသည်။
ဂျပန်အနောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် ရာသီဥတုအလွန်အမင်းဆိုးရွားနေမည်မဟုတ်တော့သော်လည်း မိုးသည်းထန်စွာရွာသွန်းနိုင်ခြေများနေကြောင်း ဌာနကထုတ်ပြန်ထားသည်။ အနောက်ဖျားရှိ ဟီရိုရှီးမားမြို့၌ အမျိုးသားတစ်ဦး တံတားပေါ်မှ မြစ်ထဲသို့ ပြုတ်ကျပြီးသေဆုံးခဲ့ကာ ရှီဂါစီရင်စုရှိ တာကာရှီမာမြို့၌ အသက် ၇၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည်လည်း ရေမြောင်းထဲသို့ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း အင်န်အိပ်ချ်ကေကဖော်ပြခဲ့သည်။
အဆောက်အအုံများမြေပြိုမှုကြောင့် မြေအောက်သို့ရောက်ရှိခဲ့သဖြင့် အခြားလူနှစ်ဦးလည်း သေဆုံးနိ်ုင်ခြေများနေကြောင်း သတင်းဌာနကဖော်ပြခဲ့သည်။ အသက် ၉၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ၎င်း၏နေအိမ်ထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ ဇူလိ်ုင် ၆ ရက်နေ့အထိ လေးဦးသာသေဆုံးသေးကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
မြေပြိုမှု ၁၀ဝ ကျော်တို့ရှိခဲ့ပြီး အကူအညီပေးရန် ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်နှင့် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၈၀ဝ၀ ခန့်ကိုစေလွှတ်ထားကြောင်း ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒဲဆူဂါကပြောဆိုခဲ့သည်။ ဇူလိုင် ၇ ရက် အစောပိုင်းအထိ လူ ၁ ဒသမ ၆ သန်းကို နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ပြီး နောက်ထပ် ၃ ဒသမ ၁ သန်းကိုလည်း နေအိမ်များမှထွက်ခွာရန် တိုက်တွန်းထားကြောင်း မီးသတ်နှင့် သဘာဝဘေးစီမံခန့်ခွဲရေးဌာနကပြောဆိုခဲ့သည်။
ရှီကိုးကူးကျွန်းရှိ မိုတိုယာမမြို့၌ ဇူလိုင် ၆ ရက်နှင့် ၇ ရက် ၂၄ နာရီအတွင်း မိုးရေချိန် ၂၃ လက်မခန့်ရှိခဲ့ကြောင်း မိုးလေဝသဌာနကထုတ်ပြန်ခဲ့သည်။

















