ရောမ ဇူလိုင် ၇
၂၀၁၈ ခုနှစ် ဇွန်လအတွင်း လစ်ဗျားမှ ပင်လယ်ပြင်ကိုဖြတ်သန်းပြီး ဥရောပသို့လာရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းခြောက်ဦးလျှင် တစ်ဦးသည် ပင်လယ်ပြင်တွင် သေဆုံးခဲ့ပြီး ယမန်လအတွင်း သေဆုံးခဲ့သည့် ရွှေ့ပြောင်း ၆၂၉ ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကော်မရှင်နာရုံး(UNHCR)က ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သောလတွင် ရွှေ့ပြောင်း ၆၂၉ ဦးသေဆုံးပြီး ၃၁၃၆ ဦးကို ပင်လယ်ပြင်တွင် ကယ်တင်ခဲ့ရကြောင်း UNHCR ပြောခွင့်ရှိသူ ကာလိုတာဆာမီကပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း ပင်လယ်ပြင်၌ ရွှေ့ပြောင်း ၄၁၈ ဦးသေဆုံးပြီး ၂၃၅၂၄ ဦးတို့ကို ကယ်တင်ခဲ့ရသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီအတွင်း ပင်လယ်ပြင်ကယ်တင်မှုများ၏ ၄၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကပိုင် အကူအညီပေးရေးစက်လှေများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ဘက်ဆိုင်ရာနှင့် ပုဂ္ဂလိသင်္ဘောများက ကယ်တင်ခဲ့သော်လည်း အီတလီနှင့် မော်လ်တာဆိပ်ကမ်းများသို့ဆိုက်ကပ်ခွင့်မရသောကြောင့် ပရဟိတအဖွဲ့များ၏သင်္ဘောများပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ရသည်။
အီတလီပြည်ထဲရေးဝန်ကြီးသစ် မတ်တီယိုဆယ်ဗီနီသည် အီတလီဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသည့် ပရဟိတအဖွဲ့ပိုင်သင်္ဘောများကို ဆိုက်ကပ်ခွင့်မပြုခဲ့ချေ။ မော်လ်တာကလည်း အဆိုပါသင်္ဘောများ နိုင်ငံတကာရေကြောင်းစည်းမျဉ်းများကို လိုက်နာခြင်းရှိမရှိကို စစ်ဆေးလျက်ရှိနေသည်။
၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်း လစ်ဗျားမှ ပင်လယ်ပြင်ကိုဖြတ်ကျော်ပြီး ဥရောပသို့လာရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်း ၁၉ ဦးအနက် တစ်ဦး သေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ် အလားတူကာလအတွင်း ၃၈ ဦးလျှင် တစ်ဦးသေဆုံးခဲ့ကြောင်း UNHCR အရာရှိများကပြောဆိုခဲ့သည်။
ပင်လယ်ပြင်ကိုဖြတ်သန်းလာသော ရွှေ့ပြောင်းများကို ကယ်တင်နေသည့် ကိရိယာမပြည့်စုံသော လစ်ဗျားကမ်းခြေစောင့်တပ်သည် မော်လ်တာနှင့် အီတလီအာဏာပိုင်များ၏ ရွှေ့ပြောင်းဆန့်ကျင်ရေးလုပ်ဆောင်မှုများကြောင့် အခက်အခဲပိုတွေ့လာရသည်။
မော်လ်တာနှင့် အီတလီအစိုးရများ၏တင်းကျပ်မှုကြောင့် ပုဂ္ဂလိကကယ်တင်ရေးသင်္ဘောများ ၏သွားလာမှုတွင် ကန့်သတ်မှုများရှိလာခဲ့ရာ အကျိုးဆက်အဖြစ် ရှာဖွေကယ်ဆယ်ရေးအခက်တွေ့လာခဲ့ရကြောင်း ဆာမိကပြောဆိုခဲ့သည်။ ယခုနှစ်ပထမနှစ်ဝက်အတွင်း ခိုလှုံခွင့်တောင်းခံသူနှင့် ရွှေ့ပြောင်း ၄၅၇၀ဝ ဦး ဥရောပ ကမ်းရိုးတန်းများသို့ရောက်ရှိခဲ့ကြောင်း UNHCR ကပြောဆိုခဲ့သည်။

















