ကမ္ဘာ့စီးပွားရေးကိုခြိမ်းခြောက်လိုက်တဲ့ အမေရိကန်တရုတ် ကုန်သွယ်ရေးစစ်ပွဲ

ကမ္ဘာ့စီးပွားရေးကိုခြိမ်းခြောက်လိုက်တဲ့ အမေရိကန်တရုတ် ကုန်သွယ်ရေးစစ်ပွဲ

တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်က အခွန်တိုးကောက်မှု စတင်သက်ရောက်တဲ့ ဇူလိုင် ၆ ရက်ကစပြီး ဒီနိုင်ငံကြီး နှစ်ခုအကြား ကုန်သွယ်ရေးစစ်ပွဲ နိဒါန်းပျိုးပြီလို့ သတ်မှတ်ကြပါတယ်။ ကမ္ဘာ့စီးပွားရေးနံပါတ်တစ်နဲ့ နံပါတ်နှစ်တို့နှစ်ဦး တိုက်ခိုက်ကြမဲ့ ဒီစစ်ပွဲဟာ ကမ္ဘာတစ်ခွင် ရင်းနှီးမြှုပ်နှံမှုတွေအားနည်းမှု၊ အသုံးအစွဲကျဆင်းမှု၊ ဘဏ္ဍာရေးဈေးကွက် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေမယ်လို့ သုံးသပ်ကြပါတယ်။

စစ်ပွဲရဲ့နိဒါန်းဟာ သမ္မတထရမ့်ရဲ့ အမေရိကန်အစိုးရက တရုတ်သွင်းကုန် ဒေါ်လာ ၃၄ ဘီလျံဖိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်တာနဲ့ စတင်ခဲ့တာပါ။ အမေရိကန်ဟာ စီးပွားရေးရာဇဝင်မှာ အကြီးမားဆုံးကုန်သွယ်ရေးစစ်ပွဲကို စနက်တန်မီးရှို့လိုက်တယ်လို့ စွပ်စွဲလိုက်တဲ့ တရုတ်ကလည်း အမေရိကန်ထုတ်ကုန် ဒေါ်လာ ၃၄ ဘီလျံဖိုးအပေါ် လက်စားချေ အခွန်ပြန်ကောက်တော့မှာပါ။ အမေရိကန်ထုတ် စိုက်ပျိုးရေး၊ မော်တော်ကားနဲ့ ရေထွက်ပစ္စည်း အမျိုးပေါင်း ၅၄၅ မျိုးအပေါ် လက်တုံ့ပြန်အခွန်ကောက်မှာ ဖြစ်ပါတယ်။
    စစ်ပွဲရဲ့ပထမအချီမှာတော့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ၊ အဓိကအားဖြင့် ဝယ်ယူသူတွေဟာ တရုတ်လုပ် ဆောက်လုပ်ရေးကိရိယာတွေ ယန္တရားတွေအတွက် ပိုမိုကုန်ကျခြင်းနဲ့အဆုံးသတ်ပါလိမ့်မယ်။ အမေရိကန်ပဲပုတ်၊ ဝက်သားနဲ့ ဝီစကီတွေလည်း တရုတ်ဈေးကွက်မှာ ဈေးကြီးကုန်လို့ ပြိုင်ဆိုင်နိုင်စွမ်း ကျဆုံးပါလိမ့်မယ်။ ဒီနိဒါန်းအဆင့်မှာ နှစ်ဘက်စလုံးရဲ့ စီးပွားရေးကို ကြီးကြီးကျယ်ကျယ် ထိခိုက်စရာတော့မရှိသေးပါဘူး။ ၂၀၂၀ အထိ နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးတိုးတက်နှုန်း အစွန်းထွက်(သုည ဒသမ ၂ ရာခိုင်နှုန်းလောက်)ကို ညှိချလိုက်သလောက်ပဲဖြစ်မယ်လို့ ဆိုပါတယ်။
    ဒါပေမဲ့ ကုန်သွယ်ရေးစစ်ပွဲအနိုင်ရဖို့လွယ်ပါတယ်လို့ပြောပြီး အသင့်ပြင်ထားတဲ့ ထရမ့်က စစ်ကိုအရှိန်မြှင့်လာဖို့ ခြိမ်းခြောက်ထားပါတယ်။ နောက်ထပ် အဆင့်ဆင့် အခွန်တိုးကောက်ဖို့ တရုတ်သွင်းကုန်တွေ စာရင်းလုပ်ထားတာ စုစုပေါင်းလိုက်ရင် ဒေါ်လာ ဘီလျံ ၅၅၀ ဖိုးအထိ ရှိပါသတဲ့။ မနှစ်က အမေရိကန်ကို တရုတ်တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ ဒေါ်လာ ၅၀၆ ဘီလျံထက်တောင် များတဲ့ ပမာဏပါ။
    အခွန်တိုးကောက်တဲ့အလုပ် တကယ်လုပ်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုတွေနှေးကွေးသွားပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း လျော့နည်းသွားသလို ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ အခွန်လျှော့ပေးလို့ ရထားတဲ့ အကျိုးတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ အမေရိကန်စီးပွားရေးပညာရှင်တချို့က ခန့်မှန်းပါတယ်။ ဒါကြောင့် အစိုးရနှစ်ခု ပြန်ညှိနှိုင်းဖို့ စီးပွားရေးသမားတွေကကော ဈေးကွက်ကပါ လိုလားပါတယ်။
    ပြဿနာရဲ့ဇစ်မြစ်က အမေရိကန်ရဲ့ နည်းပညာအသာစီးရထားမှုကို အစားထိုးအပိုင်စီးဖို့ တရုတ်ဟာ ကာလကြာရှည်ကတည်းက အမြတ်ကြီးစားနည်းဗျူဟာတွေသုံးပြီး ကြိုးစားခဲ့တယ်လို့ ထရမ့်အစိုးရက အခိုင်အမာစွပ်စွဲခြင်းပါပဲ။ ဆိုင်ဘာနည်းနဲ့ ခိုးယူတာမျိုး အပါအဝင် တရုတ်ဈေးကွက်ဝင်ခွင့်ရဖို့ အမေရိကန်ကုမ္ပဏီတွေကိုဖိအားပေးပြီး နည်းပညာလွှဲပြောင်းယူတာမျိုးတွေပါ လုပ်ခဲ့တာမို့ ဒါမျိုးထပ်မလုပ်အောင်၊ ကုန်သွယ်ရေးအမူအကျင့်တွေပြောင်းလဲအောင် တရုတ်ကိုဖိအားပေးတာလို့ ဆိုပါတယ်။
    ဒါ့ပြင် ထရမ့်ဟာ အီးယူကိုလည်း ကားအခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ကနေဒါနဲ့ မက္ကဆီကိုတော့ မြောက်အမေရိကကုန်သွယ်ရေးစာချုပ်ကို ပြန်ရေးဖို့ပြောထားခဲ့ပါတယ်။ သံမဏိနဲ့ အလူမီနီယမ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ရာမှာလည်း တရုတ်အပြင် အမေရိကန်ရဲ့ မဟာမိတ်နဲ့ တခြားကုန်သွယ်ဖက်တွေကိုပါ ချမ်းသာမပေးခဲ့ပါဘူး။
    ကုန်သွယ်ရေးစစ်ပွဲအတွက် ပထမဆုံးသေနတ်သံ ထွက်မလာခင်ကတည်းက ဇွန် ၁၁ နောက်ပိုင်း
ကမ္ဘာ့စက်မှုလုပ်ငန်းတွေရဲ့ ပျမ်းမျှအညွန်းကိန်းတွေ ကျဆင်းခဲ့ပါတယ်။ ဒါက ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြတာပါ။ 
တရုတ်ငွေကြေးကတော့ လွန်ခဲ့တဲ့လထက်စာရင် အမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်တွေနဲ့ယှဉ်ရင် တရုတ်ကုန်စည်တွေ ဈေးနှုန်းကျဆင်းမှု နှာတစ်ဖျားအသာရခဲ့ပါတယ်။
    အခုစစ်ပွဲအစလို့ ဆိုနိုင်တဲ့ အခွန်တိုးကောက်မှု ပထမအကျော့မှာ တရုတ်ပစ္စည်းတွေဈေးတက်တာ အမေရိကန် မိသားစုတွေအတွက် သိပ်မသိသာလှသေးဘူး ဆိုပေမဲ့ ထရမ့်က ထပ်ချဲ့ကားပြီး တရုတ်ကုန်စည် ဒေါ်လာဘီလျံ ၅၅၀ ဖိုးအထိ အဆင့်ဆင့် တကယ်အခွန်တိုးကောက်ရင်တော့ ထိခိုက်လာကြတော့မှာပါ။ ဥပမာပြောရရင် အဲဒီအခါကျ မိုဘိုင်းဖုန်းနဲ့ ရုပ်သံစက်တွေအစ ဈေးကြီးလာတော့မှာမို့ပါ။ ဇန်နဝါရီက ထရမ့်ရဲ့ အခွန်တိုးကောက်မှုကြောင့် အဝတ်လျှော်စက်တွေ မနှစ်ကထက် ၈ ရာခိုင်နှုန်း ဈေးတက်ခဲ့ပြီးပါပြီ။
    ထရမ့်အစိုးရရဲ့လုပ်ရပ်ကို အမေရိကန်အာဏာပိုင်အသိုင်းအဝိုင်းက ထောက်ခံကြသလို ကမ္ဘာ့ကုန်သွယ်ရေး အခင်းအကျင်း ကမောက်ကမ ဖြစ်စေမယ်၊ ကမ္ဘာ့ဈေးကွက် လှုပ်ခတ်မှု ပြင်းထန်လာမယ်၊ ကျဆင်းနေရာက နာလန်ပြန်ထနေတဲ့ ကမ္ဘာ့စီးပွားရေး အကျပ်ရိုက်ပြီး အားလုံး ထိခိုက်ခံစားရမယ်လို့ အမေရိကန်ကုန်ထုတ်သူတွေကကော တရုတ်ဘက်ကပါ ပြောကြပါတယ်။ အမေရိကန်ကုန်သွယ်ရေးအုပ်စုတွေဟာ နှစ်နိုင်ငံစလုံးကို ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်စဖို့ တိုက်တွန်းနေကြပါတယ်။
အမေရိကန် အမျိုးသားကုန်ထုတ်လုပ်သူများအစည်းအရုံးဥက္ကဌ ဂျေးတင်မွန်စ်ကဆိုရင် (အခွန်တိုးကောက်တာဟာ လက်စားပြန်ချေခံရတာကြောင့် ကိုယ့်ဘက်ကလည်း အခွန်ပိုပေးရတာပဲ အဖတ်တင်လိမ့်မယ်၊ ကုန်သွယ်ရေးစစ်ပွဲမှာ နိုင်တဲ့သူဆိုတာ ရှိမှမရှိတာ)လို့ ပြောခဲ့ကြောင်းပါ။