အစ္စလာမာဘတ် ဇူလိုင် ၇
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ်ဖ်အား ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်ရှိ အကျင့်ပျက်ခြစားမှုဆိုင်ရာတရားရုံးတစ်ရုံးက ဇူလိုင် ၆ ရက်တွင် မျက်ကွယ်၌ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီဖြစ်သည်။
ရှာရစ်ဖ် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် ဇူလိုင် ၂၅ ရက် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် ၎င်း၏ပါတီ လူကြိုက်များမှုကျဆင်းသွားမည်ဖြစ်သလို ကမ္ဘာ့ဖလားခရစ်ကတ်ကစားသမားဟောင်း အမ်ရန်ခန်းဦးဆောင်သော အဓိကအတိုက်အခံပါတီအတွက်လည်း ကောင်းကျိုးရှိလာနိုင်သည်။ ရှာရစ်ဖ်၏ဇနီးသည် လန်ဒန်တွင် ကင်ဆာရောဂါအတွက် ကုသမှုခံယူနေသောကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် ရှာရစ်ဖ်တစ်ယောက် ပြည်တော်ပြန်လာတော့မည်မဟုတ်ဟု ထင်ကြေးပေးမှုများရှိနေသည်။ ပါကစ္စတန်နှင့် ဗြိတိန်တို့ကြား တရားခံလွှဲပြောင်းရေးသဘောတူညီမှုမရှိချေ။
အကျင့်ပျက်ခြစားမှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများရှိခဲ့ပြီးနောက် ယမန်နှစ်တွင် တရားလွှတ်တော်ချုပ်သည် ရှာရစ်ဖ်အား ဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်းမှဖယ်ရှားပြီး နိုင်ငံရေးနယ်ပယ်သို့ တစ်သက်တာပိတ်ပင်ခဲ့သည်။ သို့သော် ရှာရစ်ဖ်သည် အာဏာရ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ်( ပီအမ်အယ်လ်-အင်န်) တွင် သြဇာကြီးမားသူတစ်ဦးဖြစ်နေဆဲဖြစ်သည်။
သြဇာကြီးမားသော စစ်တပ်က မတရားအမှုဆင်ခြင်းသာဖြစ်ကြောင်း ရှာရစ်ဖ်က လန်ဒန်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ ပါကစ္စတန်နိုင်ငံသက်တမ်း နှစ် ၇၀ အတွင်း ထက်ဝက်နီးပါးကို စစ်တပ်က အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
ထောက်ခံသူများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ၎င်း၏ပါတီကို မဲပေးကြရန် တိုက်တွန်းလိုကြောင်း ရှာရစ်ဖ်ကတိုက်တွန်းပြောဆိုခဲ့သည်။ အစ္စလာမာဘတ်ရှိ တရားရုံးက စီရင်ချက်ချမှတ်ပြီးနောက်တွင် အစ္စလာမာဘတ်၊ မူလ်တန်တို့အပါအဝင် မြို့တချို့တွင် ဆန္ဒပြမှုများရှိခဲ့သည်။
တရားရုံး၏ဆုံးဖြတ်ချက်ကို လက်မခံကြောင်း ရှာရစ်ဖ်၏ညီ ှရာဘက်ဇ်ရှာရစ်ဖ်ကပြောဆိုခဲ့သည်။ သို့သော် တရားရုံး၏ဆုံးဖြတ်ချက်ကြောင့် ပါကစ္စတန်နိုင်ငံသစ်စတင်နိုင်တော့မည်ဖြစ်ပြီး နိုင်ငံဘဏ္ဍာများကို မတရားယူခဲ့သူများသည် လွှတ်တော်သို့မရောက်ဘဲ အကျဉ်းထောင်များသို့သာရောက်ရှိတော့မည်ဖြစ်ကြောင်း ခန်းက ထောက်ခံသူများကိုပြောဆိုခဲ့သည်။
ရှာရစ်ဖ်သည် ထောင်ဒဏ်အပြင် ဒဏ်ငွေ ပေါင် ရှစ်သန်းကိုလည်း ပေးဆောင်ရမည်ဖြစ်ပြီး တရားရုံးက လန်ဒန်ရှိ လူချမ်းသာများနေထိုင်သော မေဖဲရပ်ကွက်ရှိ နာဂျစ်ပိုင်အိမ်ခြံမြေများကို သိမ်းယူရန် အစိုးရကို ညွှန်ကြားခဲ့သည်။ ဗြိတိန်အာဏာပိုင်များအနေဖြင့်လည်း ယင်းပိုင်ဆိ်ုင်မှုများကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိနေကြောင်း နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ကပြောဆိုခဲ့သည်။

















