စပိုက်ဒါမန်း ပူးတွဲဖန်တီးရှင် စတိဗ်ဒစ်ကို အသက် ၉၀ အရွယ်တွင် ကွယ်လွန်

စပိုက်ဒါမန်း ပူးတွဲဖန်တီးရှင် စတိဗ်ဒစ်ကို အသက် ၉၀ အရွယ်တွင် ကွယ်လွန်

မန်ဟတ်တန် ဇူလိ်ုင် ၇
မာဗယ်ရုပ်ပြဇာတ်လမ်းများရှိ ဆူပါဟီးရိုးတစ်ဦးဖြစ်သည့် စပိုက်ဒါမန်း( ပင့်ကူလူသား) ကိုပူးတွဲဖန်တီးခဲ့သူ စတိဗ်ဒစ်ကိုသည် နယူးယောက်၌ အသက် ၉၀ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ဇွန် ၂၉ ရက်တွင် စတိဗ်ဒစ်ကိုအား ၎င်း၏နေအိမ်တွင် သတိလစ်နေသည်ကို တွေ့ရှိခဲ့ပြီး နေအိမ်သို့ရောက်ရှိခဲ့သည့် ကျန်းမာရေးဝန်ထမ်းများက ဒစ်ကိုသေဆုံးပြိီဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။ စာရေးဆရာ နီးလ်ဂိုင်မန်းအပါအဝင် ပရိသတ်များက ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
    ဒစ်ကိုသည် ၁၉၆၀ ပြည့််နှစ်များတွင် မာဗယ်ရုပ်ပြဇာတ်လမ်းများတွင် ဇာတ်ဆောင်များဖန်တီးရင်း နာမည်သတင်းကျော်ကြားလာခဲ့သည်။ ဒစ်ကိုသည် ကုမ္ပဏီ၏ အမှုဆောင်အရာရှိဖြစ်လာမည့် စတန်လီနှင့်အတူ လက်တွဲပြီး စပိုက်ဒါမန်းနှင့် ဒေါက်တာစထရိန်းအပါအဝင် အိုင်ဒီယာသစ်များထုတ်နိုင်ခဲ့သည်။
    ပင့်ကူတစ်ကောင်၏ စွမ်းရည်မျိုးရှိသည့် ဆယ်ကျော်သက်ဆူပါဟီးရိုးတစ်ဦး ဖန်တီးရန် လီက အကြံပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ဒစ်ကိုက စပိုက်ဒါမန်း၏ ထင်ရှားသော အပြာနှင့်အနီရောင်ဝတ်စုံကိုသာမက လက်ကောက်ဝတ်မှ ပင့်ကူမျှင်များကို ထုတ်လုပ်မှုတို့ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
    သို့သော် လီနှင့် အဆင်မပြေတော့သောကြောင့် ဒစ်ကိုသည် ၁၉၆၆ ခုနှစ်တွင် မာဗယ်နှင့် လမ်းခွဲပြီး ဒီစီရုပ်ပြဇာတ်လမ်းကုမ္ပဏီနှင့်ပူးပေါင်းကာ အခြားဆူပါဟီးရိုးများကို ဆက်လက်ဖန်တီးခဲ့သည်။ 
    ဒစ်ကိုသည် နာမည်ကျော်တစ်ဦးဖြစ်သော်လည်း အခမ်းအနားများကိုတက်ရောက်လေ့မရှိဘဲ ဘီဘီစီသတင်းဌာနက ၂၀ဝ၇ ခုနှစ်တွင် စီစဉ်သည့် စတိဗ်ဒစ်ကိုရှာဖွေခြင်း အစီအစဉ်သို့ လာရောက်ခြင်းမပြုခဲ့ချေ။ ဒစ်ကို၏ဘဝကို မှတ်တမ်းတင်ခဲ့သည့် ဗြိတိန်ရုပ်သံအစီအစဉ်တင်ဆက်သူ ဂျိုနသန်ရော့စ်က ဒစ်ကိုသည် အကြီးကျယ်ဆုံး ရုပ်ပြအနုပညာရှင်တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။