ဂူတွင်းပိတ်မိ ထိုင်းကလေးများ၏ဘောလုံးနည်းပြက ကလေးမိဘများထံ တောင်းပန်စာပေးပို့

ဂူတွင်းပိတ်မိ ထိုင်းကလေးများ၏ဘောလုံးနည်းပြက ကလေးမိဘများထံ တောင်းပန်စာပေးပို့

မယ်ဆိုင်    ဇူလိုင် ၇

    ထမ့်လွမ်ဂူထဲပိတ်မိနေသည့် ထိုင်းကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ဘောလုံးနည်းပြသည် ရေငုပ်ရန်အသင့် မဖြစ်သေးသည့်အတွက် ၄င်းတို့ကို အတူရေငုပ်ကယ်ထုတ်ရန် အလောတကြီးကြိုးပမ်းဦးမည်မဟုတ်ကြောင်း ကယ်ဆယ်ရန် ကြိုးပမ်းနေသူများက ပြောဆိုခဲ့သည်။ ထိုင်းရေငုပ်သမားများသည် ကျောင်းသားမိဘများထံ ဘောလုံးနည်းပြ လူငယ်က ပေးပို့လိုက်သည့် တောင်းပန်စာတစ်စောင်ကိုလည်း ယူဆောင်လာခဲ့သည်။

ဂူတွင်း၌ ဇွန် ၂၃ ကထဲက ပိတ်မိနေခဲ့ပြီး ဇူလိုင် ၂ ရက်ကမှ ရေငုပ်သမားများက ဂူအတွင်းပိုင်းတစ်နေရာ၌ တွေ့ရှိခဲ့သည့် ကျောင်းသားငယ်များနှင့် ဘောလုံးနည်းပြတို့သည် အချိန်တိုအတွင်း လုံလောက်သည့်ရေငုပ်အရည်အချင်း ရရှိအောင် မသင်ယူနိုင်သေးပေ။ တစ်ဘက်တွင် မိုးသည်းထန်စွာစတင်ရွာသွန်းလာပါက ဂူတွင်းရေလွှမ်းဧရိယာများတွင် ရေမျက်နှာပြင် မြင့်တက်လာမည့်အခြေအနေကြောင့် ပိတ်မိနေရာမှ အလျင်အမြန်ကယ်ထုတ်ရန်လည်း လိုအပ်လျက်ရှိသည်။ ဂူတွင်းမှရေများကို ရေစုပ်စက်များဖြင့် စုပ်ထုတ်မှုမှာလည်း မိုးရွာသွန်းမှုများကြောင့် အရာမရောက်လှဘဲရှိသည်။
    အတူပိတ်မိနေသည့် ကျောင်းသားငယ်များ၏ တောဝက်ဘောလုံးအသင်းနည်းပြဖြစ်သူ အသက် ၂၅ နှစ်ရွယ် အီကာပိုလ် ချန်တာဝေါင်က ကလေးများအားလုံးအခြေအနေကောင်းမွန်ကြောင်း၊ ရေတပ်သားများကကောင်းစွာ စောင့်ရှောက်ထားကြောင်း၊ မိမိလည်း ဖြစ်နိုင်သမျှအကောင်းဆုံးစောင့်ရှောက်မည်ဟု ကတိပေးကြောင်း၊ အကူအညီပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ကလေးမိဘများအားလုံးကို တောင်းပန်ပါကြောင်း ရေးသားထားသည့်စာတစ်စောင်ကို ထိုင်းရေတပ်သားများမှတစ်ဆင့် မိဘများထံ ပေးပို့ခဲ့သည်။ ကျောင်းသားငယ်များကလည်း မိဘများထံ မစိုးရိမ်ရန် စာများ ရေးသားပေးပိုခဲ့ကြသည်။
    ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး နာရောင်ဆက် အိုဆာတာနာခွန်က ဇူလိုင် ၇ ရက်၌ ကျောင်းသားငယ်များ ကျန်းမာသော်လည်း ရေမငုပ်နိုင်သေးကြောင်း၊ ရေငုပ်မျက်နှာဖုံးတပ်၍ အသက်ရှူလေ့ကျင့်ခန်းများ လုပ်ဆောင်ဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ရာသီဥတုအခြေအနေနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ရေစုပ်ထုတ်ခဲ့မှုများကြောင့် အကယ်၍ မိုးတဖန် ရွာသွန်းခြင်းမရှိလျှင် ပိတ်မိကလေးများကို ကယ်ထုတ်ရန် အခြေအနေဖြစ်နိုင်ကြောင်းလည်း ဆိုသည်။
ထိုင်းတို့သည် ဇူလိုင် ၇ ရက်နှောင်းပိုင်းနှင့် ဇူလိုင် ၈ ရက်တို့၌ ရောက်ရှိလာမည့် စေတနာ့ဝန်ထမ်း ရေငုပ်အဖွဲ့ကြီး နှစ်ဖွဲ့ကိုလည်း စောင့်ဆိုင်းခဲ့ကြပြီး ယင်းနောက် ရေအောက်မှကယ်ထုတ်ရေးအသင့်ဖြစ်လာမည်ဖြစ်ကြောင်းလည်း အိုဆာတာနာခွန်က ပြောဆိုခဲ့သည်။
    ကျွမ်းကျင်မှုနှင့်အတွေ့အကြုံမရှိသူများ ရေငုပ်ထွက်ခွာခြင်းက အလွန်အန္တရာယ်များကြောင်း ဂူတွင်းကယ်ဆယ်ရေး ကျွမ်းကျင်သူများက သတိပေးခဲ့ပြီး မိုးကုန်သည်အထိ မျက်ခြည်မပြတ် ဂူတွင်းထောက်ပံ့မှုများဖြင့် လချီစောင့်ဆိုင်းရန် အကြံပြုထားသည်။
    
    ထိုင်းရေတပ်အထူးအဖွဲ့ဝင်ဟောင်း ရေငုပ်သမား ဆာမန်ဂူနန် ဇူလိုင် ၆ ရက်၌သေဆုံးမှုက ရေအောက်မှ ကယ်ထုတ်သည့်နည်းလမ်း၏ အန္တရာယ်ကြီးမားပုံကို မီးမောင်းထိုးပြခဲ့သည်။ ယင်းကြောင့်အခြားနည်းလမ်း တစ်ခုအဖြစ် အခြားထွက်ပေါက်တစ်ခုခုရှာဖွေခြင်း သို့မဟုတ် တောင်ကိုအခြားတစ်နေရာရာမှ အပေါက်ဖောက်ခြင်းတို့ကိုလည်း ကြံဆလျက်ရှိသည်။
    အမေရိကန်မှTesla  လျှပ်စစ်ကားကုမ္ပဏီနှင့် SpaceX  ဒုံးပျံကုမ္ပဏီတည်ထောင်သူ အဲလွန်မတ်စ်က ၄င်း၏ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ စေလွှတ်ကူညီမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၄င်းပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် Boring Co သည် ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်အတွက် တူးမြောင်းဖောက်လုပ်ခြင်းနှင့် မြေလွှာစူးစမ်းသည့်ရေဒါစနစ်များကို လုပ်ကိုင်နေသည်။
    ကျောင်းသားငယ်များနှင့်အတူ  နေထိုင်ခဲ့သည့် ရေငုပ်သမားတစ်ဦးက ကလေးအချို့သည့် ကျင်းပဆဲကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရလဒ်များကို သိရှိလိုကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ထိုုင်းကလေးငယ်များအား ကယ်ဆယ်ရန် ကြိုးပမ်းမှုသတင်းသည် ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပနေသည့်ကြားမှ နိုင်ငံတကာသို့ ကျယ်ပြန့်စွာပြန့်နှံ့နေခြင်းကြောင့် အင်္ဂလန်နှင့်ဆွီဒင်အသင်းအပါအဝင် ဘောလုံးသင်းအချို့မှ အားကစားသမားများက ကလေးများထံ ကံကောင်းစေကြောင်း ဗွီဒီယိုနှုတ်ခွန်းဆက်ဆုတောင်းများ ပေးပို့ခဲ့ကြသည်။ ဖီဖာအဖွဲ့ချုပ်ကလည်း လူငယ် ၁၃ ဦးစလုံး ကယ်ဆယ်ခံရပြီးနောက် အချိန်ရ၍ ခရီးသွားရန် ကျန်းမာရေးလည်းကောင်းမွန်ပါက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။