မိုက်ပွမ်ပီယိုခေါင်းဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယားဘက်မှ ကင်ယွန်ချို ခေါင်းဆောင်သည့်အဖွဲ့များ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမည်မဖော်ပြသည့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအရာရှိတစ်ဦးကယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သည့် လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား ထိပ်သီးတွေ့ဆုံပွဲကျင်းပခဲ့မှု အနှစ်သာရကို အမေရိကန်ကဖောက်ဖျက်ခဲ့ပြီး နဂိုအတိုင်းပြန်မဖြစ်နိုင်သည့် နျူကလီးယားဖျက်သိမ်းရေးကို ပြီးပြည့်စုံစွာ ဆောင်ရွက်လျက် စိစစ်အတည်ပြုမှုပါ ခံယူရမည်ဟု တစ်ဘက်သတ်တောင်းဆိုခဲ့ကြောင်း မြောက်ကိုရီးယားက ပြောဆိုခဲ့သည်။
နောက်ထပ် ပြုလုပ်မည့်ဆွေးနွေးပွဲများသည် အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မိမိတို့၏သေချာပြီးသား နျူကလီးယားကင်းစင်ရေးဆန္ဒကို အန္တရာယ်များသည့် အသုံးအနှုန်းများနှင့် အနှောင့်အယှက်ပေးမှုများ ဆောင်ရွက်လာ၍ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ မိုက်ပွမ်မီယိုသည် ဇူလိုင် ၆ ရက်က ပြုံယမ်းသို့ ရောက်ရှိခဲ့ပြီး အလုပ်သမားပါတီခေါင်းဆောင်တစ်ဦးဖြစ်ပြီး ထောက်လှမ်းရေးအကြီးအကဲဟောင်းလည်းဖြစ်သည့် ကင်ယွန်ချို၊ နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ပွမ်ပီယိုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်တွေ့ဆုံဆွေးနွေးခဲ့မှု မရှိဘဲ ဇူလိုင် ၇ ရက်တွင်လည်းကင်ယွန်ချိုနှင့် ဆက်လက်ဆွေးနွေးခဲ့သည်။
ဇူလိုင် ၇ ရက်၌ ပြုံယမ်းမှ ပြန်လည်မထွက်ခွာမီ ပွမ်ပီယိုက ဆွေးနွေးမှုသည် နယ်ပယ်အချို့တွင် တိုးတက်မှုရှိကြောင်း၊ အချို့ကဏ္ဍများတွင် ပိုမိုလုပ်ဆောင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်စစ်ဘက် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယားတို့ ဇူလိုင် ၁၂ ရက် တောင်မြောက်ကိုရီးယားနယ်စပ်၌ ဆွေးနွေးကြဦးမည်ဖြစ်ကြောင်းလည်း ပွမ်ပီယိုက ပြောခဲ့သည်။

















