နယူးဖီးလ်ဒ် ဇူလိုင် ၈
နယူးဂျာစီပြည်နယ်တွင် ဇူလိုင် ၇ ရက်အစောပိုင်းက နှစ်ထပ်အိမ်တစ်လုံးတွင် ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံးဝပြိုကျပျက်စီးခဲ့ရာ ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့သည်။
နယူးဖီးလ်ဒ်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် ယင်းပေါက်ကွဲမှုသည် ကနဦးသတင်းများတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဟု ယူဆရပြီး ပတ်ဝန်းကျင်ရှိ အိမ်ပြတင်းမှန်များပါ ကွဲအက်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် အစအနများသည် ရပ်ကွက်ဘလောက်အချို့ထိ လွင့်စင်သွားခဲ့သည်။
အိမ်ရှိ ၇၃ နှစ်ရွယ် ဂျွန်ပလာဒီနိုနှင့် ၇၂ နှစ်ရွယ် ကာရိုးလ်ပလာဒီနိုတို့အလောင်းများ တွေ့ရှိခဲ့ကြောင်း၊ အလောင်းများကို ဇူလိုင် ၈ ရက်၌ ရင်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။ ဂျွန်ပလာဒီနိုသည် သုဘရာဇာလုပ်ငန်းတစ်ခုတွင် အချိန်ပိုင်းအလုပ်သမားတစ်ဦးဖြစ်၍ ကာရိုးလ်ပလာဒီနိုသည် ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ အငြိမ်းစားသူနာပြုတစ်ဦး ဖြစ်သည်။ ပေါက်ကွဲမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မသင်္ကာဖွယ်လှုပ်ရှားမှုရှိ်ခဲ့သည့်သတင်း မရရှိသေးပေ။
ပလာဒီနိ်ုမောင်နှံတို့သည် ဇူလိုင် ၆ ရက်က မီးဖိုအသစ်တစ်ခု လက်ခံရရှိခဲ့ကြောင်း အိမ်နီးချင်းများက ပြောဆိုကြသော်လည်း ယင်းမီးဖိုနှင့် ပေါက်ကွဲမှုဆက်စပ်မှုရှိမရှိလည်း မသေချာပေ။ ပေါက်ကွဲမှုဖြစ်အပြီး မိနစ် ၂၀ အတွင်း ကယ်ဆယ်ရေးများ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြောင်း လည်း သိရသည်။
သေဆုံးသူနှစ်ဦးသည် လူကောင်းများဖြစ်ကြကြောင်း ၄င်းတို့၏မိတ်ဆွေတစ်ဦးဖြစ်သူ ဝိန်းအင်ဂလင်းက ပြောဆိုခဲ့သည်။ အချင်းဖြစ်ပွားရာသို့ မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ အရင်ဆုံး ရောက်ရှိခဲ့ကြသည်။ ထို့ပြင် ဗဟိုအဆင့် ဗုံးရှင်းတပ်ဖွဲ့နှင့် အရက်၊ ဆေးရွက်ကြီး၊ သေနတ်နှင့် ပေါက်ကွဲစေတတ်သောအရာများ ထိန်းချုပ်ရေးဗျူရို (အေတီအက်ဖ်)ကလည်း လာရောက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















