ပြုံယမ်း ဇူလိုင် ၈
အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် အသစ်တစ်ဖန် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် နျူကလီးယား ဖျက်သိမ်းရေးကို အမေရိကန်သည် လူဆိုးဂိ်ုဏ်းဆန်ဆန် တောင်းဆိုဖိအားပေးနေကြောင်း မြောက်ကိုရီးယားက စွပ်စွဲပြောဆိုခဲ့သည်။
ပြုံယမ်းသို့လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးမှုနှင့်ပတ်သက်၍ မိုက်ပွမ်ပီယို၏ပြောဆိုချက်နှင့်ခြားနားစွာ အမည်မဖော်လိုသည့် မြောက်ကိုရီးယားနိုင်ငံခြားရေး အရာရှိတစ်ဦးက အမေရိကန်ကို ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပွမ်ပီယိုကမူ နှစ်ရက်တာခရီးစဉ်အတွင်း တိုးတက်မှု အချို့ရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဇွန် ၁၂ ရက်က သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိုက်ပွမ်ပီယို မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထိပ်သီးတွေ့ဆုံပွဲတွင် နျူကင်းစင်ရေး ရှေးရှုလုပ်ဆောင်ရန် ကင်ဂျုံအွန်က ကတိပေးခဲ့သော်လည်း မည်သို့ဆောင်ရွက်မည်ဟု အသေးစိတ်များမပါဝင်ဘဲ ကျန်ရှိနေဆဲဖြစ်သည်။
ပွမ်ပီယို၏ ခရီးစဉ်အဓိကရည်ရွယ်ချက်တွင် မြောက်ကိုရီးယားကတိပေးထားသည့် နျူကင်းစင်ရေးကို သေချာစေရေးလည်း ပါဝင်သည်။ သို့သော် ကေစိီအင်န်အေမှ ထုတ်ပြန်သည့်ကြေညာချက်၌ သမ္မတထရမ့်နှင့် ကင်ဂျုံအွန်တို့အကြား ထိပ်သီးတွေ့ဆုံပွဲကျင်းပခဲ့မှု အနှစ်သာရကို အမေရိကန်ကဖောက်ဖျက်ခဲ့ပြီး နဂိုအတိုင်း ပြန်မဖြစ်နိုင်သည့် နျူကလီးယား ဖျက်သိမ်းရေးကို ပြီးပြည့်စုံစွာဆောင်ရွက်လျက် စိစစ်အတည်ပြုမှုပါ ခံယူရမည်ဟု တစ်ဘက်သတ်တောင်းဆိုခဲ့ကြောင်း ပါဝင်ဖော်ပြခဲ့သည်။
အမေရိကန်၏ဆောင်ရွက်ချက်သည် လူဆိုးဂိုဏ်းဆန်ဆန်ဖြစ်နေ၍ စိတ်ပျက်မိကြောင်း၊ အမေရိကန်တို့ အပြုသဘောစိတ်ကူးများဖြင့် လာရောက်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယင်းသို့ဖြစ်မလာခဲ့ကြောင်းလည်း မြောက်ကိုရီးယားတို့က ပြောဆိုခဲ့သည်။
ပွမ်ပီယိုသည် ပြုံယမ်းမှထွက်ခွာခဲ့ပြီးနောက် ဂျပန်၊ ဗီယက်နမ်၊ ယူအေအီးနှင့် ဘယ်လ်ဂျီယမ်သို့ ဆက်လက်သွားရောက်နေပြီဖြစ်သည်။

















