မယ်ဆိုင် ဇူလိုင် ၈
ထိုင်းမြောက်ပိုင်းရှိ ထမ့်လွမ်ဂူတွင်း ပိတ်မိနေသည့် တောဝက်ဘောလုံးအသင်းအမည်ရှိ ကျောင်းသားငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြတို့ကို အိမ်ပြန်ပို့ပေးရန် ဂူတွင်းမှကယ်ထုတ်ရေးလုပ်ငန်းကို ထိုင်းနေဗွီဆီးလ်တို့က ဇူလိုင် ၈ ရက်၌ စတင်ခဲ့သည်။
ထိုင်းနှင့် နိုင်ငံတကာတို့ပူးပေါင်းသည့် ကယ်ဆယ်ရေးအဖွဲ့က တောဝက်များကို အိမ်အရောက်ပြန်ပို့ပေးမည် ဖြစ်ကြောင်း ထိ်ုင်းရေတပ်အထူးအဖွဲ့(နေဗွီဆီးလ်)၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စွန့်စားမှုများပြားသည့် ရေငုပ်ကယ်ဆယ်ရေးစတင်ပြီး အနည်းဆုံး ၁၁ နာရီအကြာတွင် ဂူအပြင်သို့ ပထမဆုံးတစ်ဦးကယ်ထုတ်နိုင်ရန် မျှော်လင့်ကြသည်။
ဂူတွင်းရှိ ပိတ်မိသူ ၁၃ ဦးစလုံးအား ဂူအပြင်သို့ အဆက်မပြတ်ကယ်ထုတ်နိုင်ရန်မှာ ဂူတွင်း အစိတ်အပိုင်းလိုက် ရေလွှမ်းမိုးမှုအခြေအနေပေါ် မူတည်၍ ၂ ရက်မှ ၄ ရက် ကြာမြင့်နိ်ုင်ကြောင်း ထိုင်းကြည်းတပ်ဗိုလ်ချုပ် ချာလောင်ချိုင်း ချိုင်ယာကမ်က ပြောဆိုခဲ့သည်။ ကျောင်းသားငယ်တစ်ဦးလျှင် ရေငုပ်သမားနှစ်ဦးအတူ လိုက်ပါလျက် ကယ်ထုတ်ပေးမည် ဖြစ်သည်။
ချင်းရိုင်ပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး နာရောင်ဆတ် အိုစတာနာခွန်းက ကြီးကြပ်သည့် ကယ်ဆယ်ရေးလုပ်ငန်းကို ဇူလိုင် ၈ ရက်နံနက်တွင် စတင်ခဲ့ခြင်းမှာ ဂူတွင်း၌အနိမ့်ဆုံးရောက်ရှိခဲ့သည့် ရေမျက်နှာပြင်သည် မိုးရွာသွန်းမှုခန့်မှန်းချက်များနှင့် ဒေသတွင်းရေလွှမ်းမိုးနိုင်ခြေကြောင့် ပြန်လည်မြင့်တက်လာနိုင်ခြင်းကြောင့်ဖြစ်သည်။ လက်ရှိအတိုင်း ဆက်လက်စောင့်ဆိုင်းနေပါက လာမည့် သုံးလေးရက်အတွင်းရွာမည့်မိုးကြောင့် ကယ်ဆယ်ရေးအသင့်ဖြစ်မှုများ ပျက်စီးသွားနိုင်ကြောင်းလည်း
ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏နည်းပြသည် ဂူတွင်းမှ ကယ်ထုတ်ခံရန် စိတ်ပိုင်းရုပ်ပိုင်း အလျှော့မပေးစတမ်း စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တို့က ပြောဆိုသည်။ ၄င်းတို့ကို ဆေးရုံများသို့ ပို့ဆောင်ရန် လူနာတင်ယာဉ် ၁၃ စီးနှင့် ရဟတ်ယာဉ်များကို နေရာနှစ်ခုခွဲ အသင့်ပြင်ထားကြောင်းလည်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
စွန့်စားမှုများပြားသည် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကျောင်းသားငယ်များ၏ မိသားစုများထံ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်များက ပြောဆိုခဲ့သည်။

















