ရုရှားသူလျှိုဟောင်းကို ခတ်ခဲ့သည့် အဆိပ်၏ ရင်းမြစ်ကို ဗြိတိန်ရဲများ ဆက်လက်ရှာဖွေနေဆဲ

ရုရှားသူလျှိုဟောင်းကို ခတ်ခဲ့သည့် အဆိပ်၏ ရင်းမြစ်ကို ဗြိတိန်ရဲများ ဆက်လက်ရှာဖွေနေဆဲ

လန်ဒန်     ဇူလိုင် ၈
    ပြီးခဲ့သည့် မတ်လက ရုရှား သူလျှိုဟောင်းနှင့် သမီးကို အပြင်းအထန် နာမကျန်းဖြစ်စေခဲ့သော အဆိပ်နှင့် ထိတွေ့မိသည်ဟု ယူဆရသော နောက်ထပ်စုံတွဲတစ်တွဲ အပြင်းအထန် နာမကျန်းဖြစ်ရပြီးနောက်တွင် ဗြိတိန်ရဲများသည် နာ့ဗ်ကြောထိခိုက်စေသည့် အဆိပ်အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရန် အားသွန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ 

ယခုနောက်ဆုံး စုံတွဲကို ကုသပေးလျက်ရှိသော ဆာလစ်ဘာရီ ခရိုင်ဆေးရုံတွင်လည်း အခြားလူနာများ နာ့ဗ်ကြောထိခိုက်စေသည့် နိုဗီချော့အဆိပ်သင့်ခြင်း ရှိ မရှိကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပြီး အဆိပ်သင့်သူမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထိုဆေးရုံသည် ပြီးခဲ့သည့် လပိုင်းများက ရုရှားသူလျှိုဟောင်း ဆာဂေး ဆခရီပယ်နှင့် သမီးဖြစ်သူ ယူလီယာ ဆခရီပယ်တို့ တက်ရောက်ကုသခဲ့ရသည့် ဆေးရုံလည်း ဖြစ်သည်။ နိုဗီချော့ အာရုံကြောအဆိပ်ကို စစ်အေးခေတ်ကာလက ဆိုဗီယက်ယူနီယံက တီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ 
    အသက် ၄၄ နှစ်အရွယ် ဒေါင် စတာဂတ်နှင့် အမျိုးသားအဖော် အသက် ၄၅ နှစ်အရွယ် ချာလီ ရိုလေတို့သည် ဆာခရီပယ် သားအဖ မိခဲ့သည့် နိုဗီချော့အဆိပ်ကိုပင် တစ်ဆင့်ခံ ထိမိခြင်းဖြင့် အဆိပ်မိခဲ့ခြင်းဖြစ်နိုင်ကြောင်း ဗြိတိန်ရဲက ကနဦး ကောက်ချက်ချထားသည်။ 
    နိုဗီချော့ နာ့ဗ်ကြောအဆိပ်ကို ထည့်သယ်လာနိုင်ခြေရှိသည့် ပုလင်းငယ်ကို ဗြိတိန်ရဲက အပူတပြင်း ရှာဖွေလျက်ရှိသည်။ ရှားပါးသော နာ့ဗ်ကြောအဆိပ်ဖြစ်သောကြောင့် ခေတ်မီရှာဖွေရေးကိရိယာများဖြင့်ပင် ရှာဖွေရန် အခက်တွေ့နေကြောင်း သိရသည်။ ဆာလစ်ဘာရီ ခရိုင်ဆေးရုံနှင့် အနီးရှိ မက်ဘာရီမြို့တို့ရှိ သံသယဖြစ်ဖွယ်နေရာများကို ရဲက ပိတ်ထားကာ ရှာဖွေရေးများ ဆောင်ရွက်လျက်ရှိပြီး လနှင့်ချီ ကြာမြင့်နိုင်ကြောင်းလည်း ခန့်မှန်းထားသည်။ 
    ယခုလို နာ့ဗ်ကြောအဆိပ်သင့်မှု နှစ်မှု ဖြစ်ပွားပြီးနောက် ဆေးရုံအနီးဝန်းကျင်မှ ပြည်သူအများသည် ၎င်းတို့လည်း အဆိပ်သင့်မည်ကို စိုးရိမ်သဖြင့် လာရောက်ကာ ကြိုတင်စစ်ဆေးမှုများ ခံယူခဲ့ကြပြီး အဆိပ်သင့်သူ တစ်စုံတစ်ယောက်ကိုမျှ တွေ့ရခြင်းမရှိကြောင်းလည်း ဆာလစ်ဘာရီ ဆေးရုံက ထုတ်ပြန်ပြောကြားသည်။