အိုဘားမားခေတ် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေအရ စရိတ်ကျခံပေးနေမှုကို ထရမ့်အစိုးရ အဆုံးသတ်တော့မည်

အိုဘားမားခေတ် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေအရ စရိတ်ကျခံပေးနေမှုကို ထရမ့်အစိုးရ အဆုံးသတ်တော့မည်

ဝါရှင်တန်    ဇူလိုင် ၈ 
    မကျန်းမာသူများ ကျန်းမာရေးစရိတ် ဝန်မပိစေရန် အိုဘားမားက ကျန်းမာရေးစောင့်ရှောက်မှုဥပဒေအရ အစိုးရက ကျန်းမာရေးအာမခံစရိတ်များ စိုက်ထုတ်ကျခံပေးနေမှုကို ဒေါ်နယ်ထရမ့် အစိုးရက အဆုံးသတ်ပစ်တော့မည်ဖြစ်ကြောင်း သိရသည်။ 

ထိုစနစ်အတွက် ဘတ်ဂျက်ချထားပေးနေခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထရမ့်အစိုးရက ကြေညာလိုက်သဖြင့် လာမည့်နှစ်က စတင်ကာ အမေရိကန်နိုင်ငံတစ်ဝန်း ကျန်းမာရေးအာမခံစရိတ်များ မြင့်တက်လာတော့မည် ဖြစ်သည်။ 
    ထိုစနစ်အတွက် အစိုးရသည် နှစ်စဉ် ဒေါ်လာ ဘီလျံနှင့်ချီ ကုန်ကျနေရသည်ဟု ထရမ့်အစိုးရက ထောက်ပြသည်။ စရိတ်ထောင်းမှု ချိန်ညှိပေးရေး အစီအစဉ်သည် ကျန်းမာသော အာမခံထားရှိသူ အများအပြားရှိသည့် ကုမ္ပဏီများထံမှ ပိုလျှံသည့် ငွေများကို ကျန်းမာရေးမကောင်းသဖြင့် အာမခံစရိတ် များများထုတ်ပေးနေရသည့် ကုမ္ပဏီများသို့ ပံ့ပိုးပေးသည့် အစီအစဉ်ဖြစ်သည်။ ၂၀၁၇ တစ်နှစ်တာအတွင်း ထိုအစီအစဉ်ဖြင့် ဒေါ်လာ ၁၀ ဒသမ ၄ ဘီလျံအထိ ပေးချေခဲ့ရသည်။ 
    ထရမ့်အစိုးရက ယခုလို ငွေကြေးစိုက်ထုတ်ပေးနေမှု ရပ်ဆိုင်းသည့်အတွက် အများပြည်သူအတွက် အကျိုးရှိနေသော ကျန်းမာရေး အာမခံစနစ်တစ်ခု ကမောက်ကမဖြစ်ရသည်ဟု အာမခံကုမ္ပဏီများက ဝေဖန်ပြောကြားသည်။ အမေရိကန်တွင် အဓိက ကျန်းမာရေးအာမခံလုပ်ငန်းကြီး Blue Cross Blue Shield Association ကလည်း ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်သည် စိတ်ပျက်စရာကောင်းကြောင်း ထုတ်ပြန်ပြောကြားသည်။ 
    ထရမ့်အစိုးရက စိုက်ထုတ်ပေးနေသည့် ငွေကြေးများ ဖြတ်တောက်မှုကြောင့် ၂၀၁၉ ခုနှစ်က စတင်ကာ အာမခံထားသူများသည် ငွေကုန်ကြေးကျ ပိုများလာမည်ဖြစ်သလို၊ ရွေးချယ်နိုင်သည့် ကျန်းမာရေးအာမခံအမျိုးအစားလည်း နည်းသွားတော့မည်ဖြစ်ကြောင်း အထက်ပါ ကျန်းမာရေးအာမခံလုပ်ငန်း၏ ဥက္ကဋ္ဌ စကော့ စီရိုတာက ပြောသည်။