ထိန်းသိမ်းခံ တကွဲတပြား ခိုလှုံသူမိသားစုများ ပြန်ဆုံစည်းနိုင်ရေး ဒီအင်န်အေ အတည်ပြုနည်းလမ်း အမေရိကန်အစိုးရ သုံးမည်

ထိန်းသိမ်းခံ တကွဲတပြား ခိုလှုံသူမိသားစုများ ပြန်ဆုံစည်းနိုင်ရေး ဒီအင်န်အေ အတည်ပြုနည်းလမ်း အမေရိကန်အစိုးရ သုံးမည်

ဝါရှင်တန်     ဇူလိုင် ၈ 
    မက္ကစီကိုဘက်မှ အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် ခိုလှုံသူ မိသားစုများကို ဖမ်းဆီးထိန်းသိမ်းကာ မိဘများနှင့် ကလေးများကို တကွဲတပြား ခွဲထားမှုကြောင့် မိဘအမှန်နှင့် သားသမီးအမှန်ကို ပြန်တွဲပေးရန် အခက်အခဲများ ရှိလာသဖြင့် ဒီအင်န်အေ (မျိုးဗီဇ) စမ်းသပ်အတည်ပြုစနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားသည်။ 

ဒီအင်န်အေစစ်ဆေးနည်းလမ်းသည် မွေးစာရင်းစာရွက်စာတမ်းများ တင်ပြစေကာ တိုက်ဆိုင်စစ်ဆေးနည်းထက် ပိုမြန်ဆန်ကြောင်းလည်း အမေရိကန်အာဏာပိုင်များက ပြောသည်။ ယခင် သမ္မတဟောင်း ဘားရတ် အိုဘားမား လက်ထက်က နယ်စပ်ဖြတ်ကျော်သူများကို ဒီအင်န်အေ စစ်ဆေးခြင်းမျိုး အလွန်ရှားသည်။ သို့သော် အမေရိကန်နိုင်ငံသား ခံယူထားပြီးသူနှင့် မိသားစုဝင် တော်စပ်ကြောင်း တင်ပြလာသည့် ခိုလှုံသူများကို အတည်ပြုနိုင်ရန်မူ ဒီအင်န်အေ စစ်ဆေးနည်းလမ်းကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။ 
    ဒီအင်န်အေ ကွင်းဆင်းကောက်ယူရေးအဖွဲ့များကို စေလွှတ်ထားပြီဖြစ်ကြောင်း အမေရိကန် ကျန်းမာရေးနှင့် လူသားရေးရာ ဝန်ဆောင်မှုဌာနမှ တာဝန်ရှိသူ ဂျော်နသန် ဝှိုက်က ပြောသည်။ ကလေးများနှင့် မိဘများ၏ ပါးမှ အသားစ နမူနာကိုယူကာ ပြင်ပ ဓာတ်ခွဲခန်းများသို့ ပေးပို့ပြီး ဒီအင်န်အေ စစ်ဆေး တိုက်ဆိုင် အတည်ပြုစေလျက်ရှိကြောင်း သိရသည်။ စစ်ဆေးမှုသည် သီတင်းပတ် တစ်ပတ်ခန့် ကြာမြင့်နိုင်ပြီး အတည်ပြုချက် ထုတ်ပြန်နိုင်ရန် ထို့ထက် ရက်ပိုကြာနိုင်ကြောင်းလည်း သိရသည်။ 
    ခိုလှုံသူ သားသမီးနှင့် မိဘ မှန်ကန်ကြောင်း ဒီအင်န်အေ စစ်ဆေးအတည်ပြုဝန်ဆောင်မှုပေးနေသည့် အဓိက လုပ်ငန်းကြီး LabCorp ကမူ အမေရိကန်အစိုးရ၏ လက်ရှိအစီအစဉ်တွင် ၎င်းတို့ ပါဝင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် သားသမီးနှင့်မိဘ တစ်တွဲစာအတွက် ဒီအင်န်အေ စမ်းသပ်မှု ဝန်ဆောင်ခသည် ဒေါ်လာ ရာဂဏန်းရှိကြောင်းလည်း သိရသည်။ မည်သည့် တတိယပါတီ ပြင်ပလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး ဒီအင်န်အေ စစ်ဆေးစေလျက်ရှိကြောင်းကို အထက်ပါ ကျန်းမာရေးနှင့် လူသားရေးရာ ဝန်ဆောင်မှုဌာနနှင့် အမေရိကန် အမိမြေ လုံခြုံရေးဌာနတို့က အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးကြောင်း တွေ့ရသည်။