ဂျပန်၌ မိုးကြီးရေလျှံမှု တတိယနေ့ သေဆုံးသူ ၈၀ နားကပ်လာ၊ ရဟတ်ယာဉ် ၄၀ ကျော်အသုံးပြု၍ ကယ်ဆယ်ရေးဆောင်ရွက်
တိုကျို ဇူလိုင် ၈
ဂျပန်တောင်ပိုင်းတွင် မိုးကြီးပြီးရေလျှံမှု တတိယမြောက်ရက်တွင် အလောင်း ၄၈ လောင်း ဆယ်ယူရရှိပြီးဖြစ်ကာ ၂၈ ဦးမှာလည်း သေဆုံးပြီဟုမှတ်ယူနိုင်၍ စုစုပေါင်းသေဆုံးသူ အနည်းဆုံး ၇၆ ဦး ရှိလာပြီဖြစ်သည်။ ဂျပန်အာဏာပိုင်များသည် ရဟတ်ယာဉ် ၄၀ ကျော်အသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း ဆောင်ရွက်နေသည်။
ကျူးရှူးနှင့် ရှီကိုကူးကျွန်းများတွင် ဇူလိုင် ၈ ရက်က ရာသီဥတုသတိပေးချက်အသစ်များ ထုတ်ပြန်ခဲ့ရပြီး ဟီရိုရှီးမားစီရင်စု တောင်ပိုင်းဧရိယာမှ အများစုဖြစ်သည့် လူ ၉၂ ဦး မည်သည့်နေရာရောက်နေမှန်းမသိဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။ လူဦးရေ တစ်သန်းခွဲ မိမိတို့အိမ်များမှထွက်ခွာရန် အမိန့်ပေးထားခံရပြီး အခြားသုံးသန်းသည်လည်း ယင်းသို့လိုက်ပါဆောင်ရွက်ရဖွယ်ရှိသည်။
ကယ်ဆယ်ရေးကြိုးပမ်းမှုများနှင့် လွတ်မြောက်ရန်အိမ်မှထွက်ခွာရမှုများသည် အချိန်နှင့်တိုက်ပွဲဝင်နေရကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုခဲ့သည်။ ဂျပန် မိုးလေဝသအေဂျင်စီက ကိုချီစီရင်စုတွင် သုံးနာရီကြာမိုးရွာသွန်းပြီးနောက် မိုးရေချိန် ၂၆ ဒသမ ၃ စင်တီမီတာအထိ မြင့်တက်ခဲ့ရာ ၁၉၇၆ နောက်ပိုင်း အမြင့်မားဆုံးမိုးရေချိန်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ရေကြီးပြီးနောက် မြေပြိုမှုများသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ဖြစ်နိ်ုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။
သေဆုံးမှုအများစုသည် ဟီရိုရှီးမားစီရင်စုတွင် ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၅ ရက်မှစတင်ခဲ့သည့်မိုးကြောင့် အိမ်ရာချီ ပျက်စီးခဲ့ပြီဖြစ်သည်။ ထောင်ချီသည့် ရဲ၊ မီးသတ်သမားများနှင့် စစ်သည်များသည် ရှာဖွေကယ်ဆယ်ရေးတာဝန် ဆောင်ရွက်လျက်ရှိသည်။
ဟီရိုရှီးမားအရှေ့ဘက် ကီလိုမီတာ ၃၀ဝ အကွာရှိ ကျိုတိုသည်လည်း ရုတ်တရက်မိုးကြီးသည့်ဒဏ် ခံရသည်။ ဒေသခံတစ်ဦးက မြစ်အနီးနေသူများ တုန်လှုပ်နေကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မုန်တိုင်းရာသီအစမှာပင် ရှိနေသေး၍ ဖြစ်ကြောင်း ဂျပန်တိုင်းမ်သို့ ပြောဆိုခဲ့သည်။ လာမည့်ရက်များအတွင်း မိုးပိုသည်းလာရန်လည်း မျှော်လင့်ရသည်။



















