ထိုင်းနေဗွီဆီးလ်တို့ တောဝက်အသင်းကို အိမ်ပြန်ပို့ပေးမည် ဂူတွင်းမှ ထိုင်းကျောင်းသားငယ် လေးဦးထိ ကယ်ထုတ်ထားနိုင်ပြီ

ထိုင်းနေဗွီဆီးလ်တို့ တောဝက်အသင်းကို အိမ်ပြန်ပို့ပေးမည် ဂူတွင်းမှ ထိုင်းကျောင်းသားငယ် လေးဦးထိ ကယ်ထုတ်ထားနိုင်ပြီ

ထိုင်းမြောက်ပိုင်းရှိ ထမ့်လွမ်ဂူတွင်း ပိတ်မိနေသည့် တောဝက်ဘောလုံးအသင်းအမည်ရှိ ကျောင်းသားငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြတို့ကို အိမ်ပြန်ပို့ပေးရန် ဂူတွင်းမှကယ်ထုတ်ရေးလုပ်ငန်းကို ထိုင်းနေဗွီဆီးလ်တို့က ဇူလိုင် ၈ ရက်မနက်က စတင်ခဲ့ပြီး မြန်မာစံတော်ချိန် ည ၈ နာရီ ၂၄ မိနစ်၌ ကျောင်းသားငယ် လေးဦးထိကို ကယ်ထုတ်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

 ထိုင်းနှင့် နိုင်ငံတကာတို့ပူးပေါင်းသည့် ကယ်ဆယ်ရေးအဖွဲ့က တောဝက်များကို အိမ်အရောက်ပြန်ပို့ပေးမည် ဖြစ်ကြောင်း ထို်င်းရေတပ်အထူးအဖွဲ့(နေဗွီဆီးလ်)၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီတွင် စွန့်စားမှုများပြားသည့် ရေငုပ်ကယ်ဆယ်ရေးစတင်ခဲ့သည်။  ကျောင်းသားငယ်တစ်ဦးလျင် ရေငုပ်သမားနှစ်ဦးအတူ လိုက်ပါလျက် ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ချင်းရိုင်ပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး နာရောင်ဆတ် အိုစတာနာခွန်းကက ကြီးကြပ်သည့် ကယ်ဆယ်ရေးလုပ်ငန်းကို ဇူလိုင် ၈ ရက်မနက်တွင် စတင်ခဲ့ခြင်းမှာ ဂူတွင်း၌အနိမ့်ဆုံးရောက်ရှိခဲ့သည့် ရေမျက်နှာပြင်သည် မိုးရွာသွန်းမှုခန့်မှန်းချက်များနှင့် ဒေသတွင်းရေလွှမ်းမိုးနိုင်ခြေကြောင့် ပြန်လည်မြင့်တက်လာနိုင်ခြင်းကြောင့်ဖြစ်သည်။ ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏နည်းပြသည် ဂူတွင်းမှ ကယ်ထုတ်ခံရန် စိတ်ပိုင်းရုပ်ပိုင်း အလျှော့မပေးစတမ်း စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တို့က ပြောဆိုသည်။ 

 ၄င်းတို့ကို ဆေးရုံများသို့ ပို့ဆောင်ရန် လူနာတင်ယာဉ် ၁၃ စီးနှင့် ရဟတ်ယာဉ်များကို နေရာနှစ်ခုခွဲ အသင့်ပြင်ထားပြီး ကယ်ထုတ်လာသည့် ခြောက်ဦးကို လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်းလည်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။