အစ်ကိုဝမ်းကွဲက ထိုးကြိတ်ကာ သားမယားပြုကျင့်

အစ်ကိုဝမ်းကွဲက ထိုးကြိတ်ကာ သားမယားပြုကျင့်

ရေးမြို့တွင် အစ်ကိုဝမ်းကွဲတော်စပ်သူက ထိုးကြိတ်ကာ သားမယားပြုကျင့်ခဲ့သည်ဆိုမှု ကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ရေးမြို့နယ်ရဲစခန်းမှ သိရသည်။

ဇူလိုင် ၇ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် ရေးမြို့နယ်နေ အသက် (၁၇)နှစ် အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် ယမန်နေ့ ည ၉ နာရီခွဲ အချိန့်တွင် ၄င်း စာရေးမ အဖြစ်လုပ်ကိုင်နေသည့် စတိုးဆိုင်သို့ အစ်ကိုဝမ်းကွဲတော်သူ ရေးမြို့နယ်ချောင်း တောင် ကျေးရွာ အကွက်(၆)နေ ထွန်းလင်းအောင်(၂၀)နှစ်နှင့် ၄င်း၏သူငယ်ချင်းဖြစ်သူ ဓမင်းကုန်း ကျားတန်းကျေးရွာနေ ဇော်မင်းထက်(ခ) ကိုလတ်တို့ရောက်ရှိလာသည်ဟုဆိုသည်။
ထို့နောက် ဇူလိုင် ၅ ရက်တွင် ရေးမြို့ဆေးရုံတွင် အသဲရောဂါဖြင့် တက်ရောက်နေသည့် မိခင် ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းရန် အတူလိုက်ခဲ့ရန် ခေါ်သဖြင့် စတိုးဆိုင်ပိုင်ရှင်ဖြစ်သူထံ ခွင့်ပြုချက်တောင်းခံ၍ လိုက်ပါသွားခဲ့ကြောင်း သိရသည်။ 
ထိုသို့ လိုက်ပါသွားခဲ့ပြီး ဆေးရုံတွင် ၄င်းတို့(၃)ဦးက တိုင်ကြားသူမိန်းကလေး၏မိခင်ဖြစ်သူ ကျန်းမာရေး အခြေအနေကို မေးမြန်းခဲ့ကြောင်း၊ ည ၁၀ နာရီ အချိန်တွင် ဆေးရုံမှပြန်ခဲ့ကြောင်း၊ထွန်းလင်းအောင်မှ သူငယ်ချင်းကို နေထိုင်ရာရပ်ကွက်သို့ပြန်ပို့ပေးခဲ့ကြောင်းသိရသည်။
မိန်းကလေးကို စတိုးဆိုင်သို့ ပြန်လည်ပို့ဆောင်စဉ် ထွန်းလင်းအောင်က လာသည့် လမ်းအတိုင်း မမောင်းနှင်ဘဲ လမ်းချိုးတစ်ခုအတွင်းသို့မောင်းဝင်သွားသဖြင့် မေးမြန်းရာ ဖြတ်လမ်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။ 
ထို့နောက် ဆိုင်ကယ်ကိုရပ်ကာ ၄င်းလက်ကိုဆွဲ၍ တောစပ်အတွင်းသို့ ဆွဲခေါ်ဆောင်ခဲ့ပြီး မျက်နှာကို လက်သီးဖြင့်(၂)ချက်ထိုးကာ တွန်းလှဲသဖြင့် ရေအိုင်တစ်ခုပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရသည်။ 
ထိုသို့လဲကျစဉ် လည်ပင်းညှစ်ခဲ့ပြီး မအော်နဲ့အော်ရင်သတ်ပစ်မည်ဟု ကြိမ်းမောင်းကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ လူကြီးများကို တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး စတိုးဆိုင်သို့ပြန်မပို့ဘဲ မိန်းကလေး၏အဒေါ်တော်စပ်သူ ထွန်းလင်းအောင်၏ မိခင်နေအိမ်သို့ခေါ်သွားခဲ့ကြောင်း သိရသည်။
အဒေါ်ဖြစ်သူနှင့်အတူ ညအိပ်ခဲ့ပြီး ထွန်းလင်းအောင်မှ သားမယားပြုကျင့်ခဲ့စဉ် ထိုးကြိတ်ခဲ့ခြင်းကြောင့် ယာဘက်မျက်လုံးဖူးရောင်ဒဏ်ရာ၊ ဝဲဘက်မျက်လုံးညိုမဲဒဏ်ရာနှင့် ယာဘက်တံတောင်ဆစ် ပွန်းခြစ်ဒဏ်ရာများရရှိခဲ့သည်။
စတိုးဆိုင်သို့ ဆိုင်ကယ်ကယ်ရီဖြင့်ပြန်ခဲ့ပြီး ဆိုင်ရှင်နှင့် မိခင်တို့ကို ပြောပြကာ အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
ရေးမြို့မရဲစခန်းက (ပ)၁၅၀/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ-၃၇၆/၃၂၅/၅၀၆ အရ အမှုဖွင့် ကာ ညနေ ၅ နာရီ အချိန်ခန့်တွင် ပြစ်မှုကျူးလွန်သူ ထွန်းလင်းအောင်ကို ဖမ်းဆီးအရေးယူခဲ့သည်။