တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေး ဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ကုက္ကိုခွ ကျေးရွာ ရဲကင်းစခန်းဝင်းအတွင်း ဇူလိုင် ၆ ရက်က ဘူးစင်ဆောက်ရန် ကျင်းတူးခဲ့ရာမှ ရှေးဟောင်းအုတ်ရိုးနှင့် မြေအိုးများတွေ့ရှိခဲ့ ကြောင်း သိရသည်။
ဘူးစင်ကျင်း
အဆိုပါနေ့ နံနက် ၈ နာရီက ယင်းရဲစခန်းမှ ရဲတပ်ကြပ်ကြီးနှင့် ရဲတပ်သားတို့သည် ဘူးစင် ဆောက်ရန် တိုင်ကျင်းတူးခဲ့ရာ အနက်တစ်ပေ ခန့်တွင် ရှေးဟောင်းမြေအိုး တစ်လုံးတွေ့ရှိ ခဲ့၍ မြို့နယ်မှူးထံသတင်းပို့ခဲ့ပြီး ရှေးဟောင်း ယဉ်ကျေးမှုဦးစီးဌာန ဗိဿနိုးဌာနစုသို့ဆက်လက် အကြောင်းကြားခဲ့သည်။
မြေအိုး
အဆိုပါ မြေအိုးတွေ့ရှိနေရာသို့ ဗိဿနိုးဌာနစုမှ ဦးစီးအရာရှိ ဦးလင်းထွန်းကြည်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိပြီး စမ်းသပ်တူးဖော်ခဲ့ရာတွင် (က) လုံးပတ် တစ်ပေခွဲ၊ အမြင့် တစ်ပေခန့်ရှိ ပျူခေတ်လက်ရာ မြေအိုး (အရိုးစပါ ရှိ)၊ (ခ) လုံးပတ် ခြောက်လက်မ အမြင့်ရှစ် လက်မခန့်ရှိ ပျူခေတ်လက်ရာ မြေအိုး (အရိုးစ ပါရှိ)၊ (ဂ) အုတ်ရိုးအကျယ် သုံးပေ၊ အလျား လေးပေခန့် အုတ်ရိုးအား တူးဖော်တွေ့ရှိခဲ့သည်။
တွေ့ရှိခဲ့သော မြေအိုးနှစ်လုံးနှင့် အုတ်ရိုး အား ပျက်စီးခြင်းမရှိရန်အတွက် တွေ့ရှိသည့် နေရာ၌ပင် ဖုံးအုပ်ထားကြောင်း သိရသည်။
















