ကလေးမြို့နယ်တွင် လေသေနတ်နှင့်သေနတ်ကျည်များ ကားပေါ်၌ တင်ဆောင်မောင်းနှင်လာသူကို သက်ဆိုင်ရာက ယနေ့ (ဇူလိုင် ၉ ရက်)တွင် အမှုဖွင့် အရေးယူထားကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။
ဇူလိုင်လ ၈ ရက်နေ့ ညသန်းခေါင်းကျော် ၁၂ နာရီခွဲ အချိန်ခန့်တွင် ကလေးမြို့ (၉) မိုင်စစ် ဆေးရေးစခန်း၌ ကလေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇိုးနွန်ဆန်းငါ(၂၇)နှစ်မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့သည်။ အဆိုပါယာဉ်၏ ထိုင်ခုံအောက် ဂျပ်ဖာအတွင်းမှ အရှည် ၃ ပေ ၇ လက်မခန့်ရှိ အိန္ဒိယနိုင်ငံထုတ် လေသေနတ် ၃ လက်၊ အရှည် ၃ ပေ ၅ လက်မခန့်ရှိ တရုတ်နိုင်ငံထုတ် လေသေနတ် ၁ လက်၊ စုစုပေါင်း လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ကလေးမြို့မရဲစခန်းက (ပ)၉၆၅/၁၈၊ လက်နက်ပုဒ်မ ၁၉(စ) အရ ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် အမှုဖွင့်စစ်ဆေးလျက်ရှိကာ ဆက်လက်အရေးယူထားသည်။

















