ဂူတွင်းကျန်ရှိသူများကယ်ဆယ်ရေးဒုတိယအဆင့်စတင် ဆောင်ရွက်၊ ကယ်ဆယ်ပြီးသူလေးဦး အခြေအနေကောင်းမွန်ကြောင်း ထုတ်ပြန်

ဂူတွင်းကျန်ရှိသူများကယ်ဆယ်ရေးဒုတိယအဆင့်စတင် ဆောင်ရွက်၊ ကယ်ဆယ်ပြီးသူလေးဦး အခြေအနေကောင်းမွန်ကြောင်း ထုတ်ပြန်

ဗန်ကောက်    ဇူလိုင် ၉
    ထိုင်းမြောက်ပိုင်းရှိ ရေလွှမ်းမိုးသည့် ထမ့်လွမ်ဂူတွင်း ပိတ်မိနေခဲ့သူ ၁၃ ဦးအနက် ဇူလိုင် ၈ ရက်က ကယ်ထုတ်နိုင်ခဲ့သူလေးဦး၏ အခြေအနေကောင်းမွန်ပြီး ကျန်ရှိသူများကယ်ဆယ်ရေး ဒုတိယအကြိမ် ဆက်လက် ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးတာဝန်ခံများက ဇူလိုင် ၉ ရက်၌ ပြောဆိုခဲ့သည်။

ဒုတိယအကြိမ် ကယ်ဆယ်ရေးလုပ်ငန်းကို ဇူလိုင် ၉ ရက်နံနက် ၁၁ နာရီ၌စတင်ခဲ့ပြီး နာရီပေါင်းများစွာ ကြာမြင့်မည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထိုင်းအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
    ဇွန် ၂၃ ရက်ကတည်းက ဂူတွင်း၌ပိတ်မိခဲ့ပြီး ရေငုပ်သမားများက ဇူလိုင် ၂ ရက်၌ တွေ့ရှိခဲ့သည့် အသက် ၁၁ နှစ်မှ ၁၇ နှစ်ရှိ ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ ဘောလုံးနည်းပြ ၂၅ နှစ်ရွယ်လူငယ်တို့အား ဂူတွင်းရေလွှမ်းမိုးနိုင်မှု အခြေအနေကြောင့် ဇူလိုင် ၈ ရက်၌ စတင်ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဂူတွင်းကယ်ဆယ်ရေးတွင် ထိုင်းရေတပ်မှ ရေငုပ်သမား ၄၀ နှင့် ပြည်ပရေငုပ်သမား ၅၀ ပါဝင်ဆောင်ရွက်ခဲ့ကြောင်းလည်း သတင်းများတွင် ဖော်ပြခဲ့သည်။
    ဒုတိယအကြိမ်ကယ်ဆယ်ရေးမစတင်မီ ဂူတွင်းလမ်းကြောင်းတစ်လျှောက် အောက်ဆီဂျင်ဗူးသစ်များ ချထားပေးခဲ့ရသည်။ တောဝက်ဘောလုံးအသင်းဟုလည်းဆိုသည့် ကျောင်းသားငယ်များနှင့် နည်းပြတို့အားလုံးကို ဂူတွင်းမှ ကယ်ထုတ်ရေးသည် လေးရက်အထိ ကြာမြင့်နိုင်ကြောင်း မှန်းဆခဲ့သော်လည်း ဇူလိုင် ၈ ရက် ပထမအကြိမ်ကယ်ဆယ်ရေး အောင်မြင်မှုကြောင့် ပိုမိုမြန်ဆန်ဖွယ်ရှိသည်။ 
    ဂူတွင်းအခြေအနေကို သိရှိသွားသည့် ပထမအကြိမ်မှ ကယ်ဆယ်ရေးရေငုပ်သမားများပင် ပြန်လည်ဝင်ရောက်မည်ဟု ထိုင်းပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့သည်။ ကယ်ထုတ်ပြီးသူလေးဦးလုံး ဘေးကင်းလုံခြုံသော်လည်း ချန်ဂါရီ ပရာချန်ကိုဆေးရုံတွင် တင်ရှိထားပြီး ကျန်းမာရေးစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်ရန်လိုကြောင်းလည်း ပြောဆိုခဲ့သည်။
    ဇူလိုင် ၈ ရက်က ဂူတွင်းမှကယ်ထုတ်ခဲ့သူလေးဦးအနက် သုံးဦးကို ထမ့်လွမ်ဂူမှ ကီလိုမီတာ ၇၀ အကွာရှိဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် တင်ပို့ခဲ့ပြီး တစ်ဦးကို လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့မည်သူမည်ဝါဖြစ်ကြောင်းမူ အာဏာပိုင်တို့က တရားဝင်ပြောဆိုခြင်းမရှိသေးပေ။.
    ကယ်ဆယ်ရေးကိုကြီးကြပ်နေသည့် ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး နာရောင်ဆက် အိုဆက်တာနာခွန်က ကယ်ဆယ်ရေးသမားများအနေဖြင့် လမ်းကြောင်းတစ်လျှောက် အောက်ဆီဂျင်နှင့် ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်ဖြည့်တင်းပြီး ဒုတိယအကြိမ် ကယ်ဆယ်ရေးအသင့်ဖြစ်ရန် နာရီပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်ကြောင်း ဇူလိုင် ၈ ရက်ညတွင် ပြောဆိုခဲ့သည်။