တိုကျို ဇူလိုင် ၉
ဂျပန် တီဗွီဌာနတစ်ခုနှင့် ဂျာမနီရုပ်သံဌာနတစ်ခုတို့ ပူးပေါင်း၍ အင်္ဂလိပ် ပရီးမီးယားလိဂ်ဘောလုံးလောကနောက်ခံ ရုပ်သံ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်လွွှားရုပ်သံလွှင့်လုပ်ငန်းများ ပိုမိုပြန့်နှံ့အားကောင်းရန် ဂျပန်မှ ဖူဂျီတီဗွီကွန်ရက်နှင့် ဂျာမနီမှ ဇက်ဒီအက်ဖ်တို့ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်သွားမည်ဖြစ်သည်။ ကုမ္ပဏီအသီးသီး၏ ရုပ်သံလွှင့်လုပ်ငန်း ကျယ်ပြန့်ရန်အပြင် Netflix, Hulu , Amazon တို့ကဲ့သို့ အင်တာနက်မှတစ်ဆင့် ထုတ်လွှင့်သည့် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများကို ယှဉ်ပြိုင်နိုင်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။
ဖူဂျီရုပ်သံကွန်ရက်သည် ဘောလုံးအားကစားနှင့်ဆက်နွှယ်သည့် ရုပ်သံစီးရီးများကို ဂျာမန်ပြည်သူ့ဝန်ဆောင်မှုရုပ်သံ ဇက်ဒီအက်ဖ်၏လုပ်ငန်းခွဲတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်သွားမည်ဖြစ်သည်။ The Window အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲကို အင်္ဂလန်ပရီးမီးယားလိဂ်ကို နောက်ခံထား၍ ဗြိတိန်တွင် ရိုက်ကူးမည်ဖြစ်ကာ ၂၀၂၀ တွင် စတင်လွှင့်ထုတ်ရန် ရည်မှန်းသည်။ ဗြိတိန်ဇာတ်ညွန်းရေးသူက ဇာတ်ညွန်းရေးမည်ဖြစ်ပြီး ဟောလီးဝုဒ်နှင့် ဂျပန်မှ သရုပ်ဆောင်များ ပါဝင်မည်ဟု ဆိုသည်။
ကုန်ကျစရိတ်များပြားသည့် ရုပ်သံဇာတ်လမ်းတွဲကို ဖူဂျီက ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကျခံလျက် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာစေရန် ရည်မှန်းသည်။ ဖူဂျီတီဗွီအနေဖြင့် အာရှဈေးကွက်တွင် အားကောင်းပြီး ဖြစ်ကာ ဇက်ဒီအက်ဖ်သည် ဥရောပတွင် သြဇာကြီးမားသဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေကြောင်း ဇက်ဒီအက်ဖ် အင်တာပရိုက်စ် ဒုတိယဥက္ကဌ ရောဘတ်ဖရန်က ပြောဆိုသည်။ အခြားသောရုပ်သံဇာတ်လမ်းတွဲများလည်း ဆက်လက် ဖန်တီးရန်ရှိပြီး အင်တာနက်မှထုတ်လွှင့်သည့်ဈေးကွက်ကို ရည်ရွယ်ကြောင်းလည်း ပြောဆိုသည်။
ဂျပန်နှင့် ဂျာမနီနှစ်နိုင်ငံစလုံးတွင် မွေးဖွားနှုန်းကျဆင်းလာခြင်းကြောင့် တီဗွီကြည့်ရှုမည့် လူငယ်များနည်းပါးလာကာ ရုပ်သံဈေးကွက် အနာဂတ်မှာ မရေရာဘဲ ဖြစ်နေသည်။ ဂျပန်အစိုးရသည် တိုးတက်ခေတ်မီသည့်ဂျပန်ပုံရိပ်ကို ထင်ဟပ်မှုအား ဖြန့်ချိမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရုပ်သံအစီအစဉ်များကို ပြည်ပတင်ပို့ရန် ကြိုးစားနေသည်။ သို့သော် ယင်းကြိုးစားမှုသည် အကန့်အသတ်ဖြစ်နေပြီး ဂျပန်ရုပ်သံအစီအစဉ်များသည် အာရှနိုင်ငံအချို့တွင်သာ ထိုးဖောက်နိုင်သည်။
ယခု ရုပ်သံဇာတ်လမ်းတွဲအတွက် ယန်း ၂ ဘီလျံ(ဒေါ်လာ ၁၈ သန်း)ကုန်ကျမည့် ဖူဂျီတီဗွီမှ အမှုဆောင်ဒါရိုက်တာ တိုရူအိုတာက ကမ္ဘာကြီးသည် ရုပ်သံဇာတ်လမ်းတွဲရွှေခေတ်တွင် ဝင်ရောက်နေကြောင်း ပြောဆိုခဲ့သည်။

















